သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေ အရှေ့အလယ်ပိုင်း ပဋိပက္ခ ပြေလည်ရေး ဆွေးနွေးနေကြပြီ


အစ္စရေးနဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေဟာ အရှေ့အလယ်ပိုင်း ပဋိပက္ခရဲ့ အဓိကကျတဲ့ အကြောင်းကိစ္စတွေကို ကိုင်တွယ်ဆွေးနွေး အဖြေရှာနေကြပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ ဒုတိယမြောက်နေ့ အဖြစ်နဲ့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု (Benjamin Netanyahu)၊ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ် (Mahmoud Abbas) တို့နဲ့ ဒီကနေ့ ဂျေရုဆလင်မှာ ထပ်မံ ဆွေးနွေးခဲ့ပါတယ်။ ဂါဇာအနောက်ဘက်ကမ်း ဒေသမှာ ဂျူးအခြေချ ပြောင်းရွှေ့ နေထိုင်မှု ကိစ္စကို အလေးထားပြီး ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ အစ္စရေးသမ္မတ ရှီမွန် ပီရက်စ် (Shimon Peres) နဲ့လည်း ဒီကနေ့မှာ တွေ့ဆုံခဲ့ပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်နိုင်ငံ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုံခြုံမှုရှိရှိ အတူယှဉ်တွဲ ရပ်တည်သွားနိုင်ဖို့ သဘောတူညီချက်တရပ် ပေါ်ထွက်ရေး နှစ်ဘက်ညှိနှိုင်းရေးမှူးတွေ ကြိုးပမ်းကြမယ်လို့ ယုံကြည်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောပါတယ်။

မစ္စတာ နေတန်ယာဟု၊ မစ္စတာ အာဘတ်စ်တို့နဲ့ သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေ မလုပ်ခင်မှာတော့ အစ္စရေး တာဝန်ရှိသူတွေနဲ့ အစည်းအဝေးတွေ လုပ်ခဲ့ပါတယ်။ အစ္စရေး၊ ပါလက်စတိုင်းနဲ့ အမေရိကန် ခေါင်းဆောင် ၃ ဦးဟာ အီဂျစ်မှာ မနေ့ အင်္ဂါနေ့က ဆွေးနွေးခဲ့ပေမဲ့ ထူးထူးခြားခြား ရလဒ်တော့ ထွက်မလာသေးပါဘူး။

အင်္ဂါနေ့တုန်းက ဆွေးနွေးပွဲတွေဟာ အဓိက အကြောင်းကိစ္စတွေ အပေါ်မှာ အသေးစိတ်နဲ့ အတော်လေး အတွင်းကျကျ ဆွေးနွေးခဲ့ကြတယ်လို့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် ပြည်ထောင်စု အထူးကိုယ်စားလှယ် ဂျော့ချ် မစ်ချဲလ် (George Mitchell) က ပြောပါတယ်။

ဒီအထဲမှာတော့ ပါလက်စတိုင်းတိုင်းပြည် ထူထောင်ရေးကိစ္စ၊ အစ္စရေးတို့အပေါ် လုံခြုံရေး အာမခံချက်ကိစ္စ၊ ပါလက်စတိုင်းကို နိုင်ငံရေးအရ အသိအမှတ်ပြုမှုနဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် အခွင့်အရေး ကိစ္စတွေ ပါဝင်ပါတယ်။

XS
SM
MD
LG