သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်ဖို့ အစ္စရေး ဝန်ကြီးချုပ် တိုက်တွန်း


ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်ဖို့ အစ္စရေး ဝန်ကြီးချုပ် တိုက်တွန်း
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်ဖို့ အစ္စရေး ဝန်ကြီးချုပ် တိုက်တွန်း

အရှေ့အလယ်ပိုင်းဒေသ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းမှာ ဂျူးအခြေချ အိမ်ရာသစ် ဆောက်လုပ်မှုတွေ ဆိုင်းငံ့ထားတဲ့ ၁၀ လအချိန် ကုန်ဆုံးသွားပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု (Benjamin Netayahu) က ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ် (Mahmoud Abbas) ကို တိုက်တွန်းလိုက်ပါတယ်။

သမိုင်းဝင်ဖြစ်မယ့် သဘောတူညီမှုကို တနှစ်အတွင်း ရနိုင်ဖို့အတွက် ဆွေးနွေးမှုတွေကို ဆက်လက် လုပ်သွားဖို့ ဆောက်လုပ်မှုတွေ ရပ်ဆိုင်းထားချိန် ကုန်ဆုံးသွားပြီး မကြာခင် တနင်္လာနေ့ အစောပိုင်းမှာပဲ အစ္စရေး ဝန်ကြီးချုပ်က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ဆောက်လုပ်မှုတွေ ပြန်စတာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ညှိနှိုင်းမှုကနေ နှုတ်ထွက်မယ်လို့ ပါလက်စတိုင်းတို့က ခြိမ်းခြောက်ထားပါတယ်။

ပါလက်စတိုင်းပိုင် နယ်မြေတွေပေါ်မှာ ဂျူးအခြေချ နေအိမ်တွေ ဆောက်လုပ်မှု ရပ်ဆိုင်းထားချိန်ကို သက်တမ်းတိုးမပေးရင် အစ္စရေးတို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ အလကား အချိန်ဖြုန်းရာ ရောက်တယ်လို့ ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ်က တနင်္ဂနွေနေ့ကပဲ ပြောခဲ့ပါတယ်။

ဂျူးလူမျိုး အခြေချသူတွေနဲ့ သူတို့ကို ထောက်ခံသူတွေကတော့ ကန့်သတ်ချိန် ကုန်ဆုံးသွားတဲ့အတွက် အောင်ပွဲခံ အထိမ်းအမှတ်တွေကို လုပ်နေကြပါတယ်။

ဆောက်လုပ်မှုတွေ ရပ်ဆိုင်းထားတဲ့ကာလ ကုန်ဆုံးဖို့ နာရီပိုင်းအလို တနင်္ဂနွေနေ့ ညပိုင်းက ရီဗားနား (Revana) အခြေချ စခန်းဆီကို လူ ၂,၀၀၀ လောက် သွားပြီးတော့ မိုးပျံပူဖောင်းတွေ လွှတ်တင်ခဲ့ကြပါတယ်။

အနားက ကာယတ် နက်တာဖင်မ် (Kiryat Netafim) အခြေစိုက်စခန်းမှာလည်း မူကြိုကျောင်းတကျောင်း ဆောက်လုပ်ဖို့အတွက် အုတ်မြစ်ချပွဲ လုပ်ခဲ့ကြပါတယ်။

အနောက်ဘက်ကမ်းဒေသက အခြေချ နေထိုင်သူတွေ အနေနဲ့ ပျော်ရွှင်မှုတွေကို ထိန်းထိန်းသိမ်းသိမ်း ပြသဖို့အတွက် အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ကန့်သတ်ထားချိန် ကုန်ဆုံးခါနီးမှာပဲ တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG