သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး၊ ပါလက်စတိုင်းနယ်စပ် ပဋိပက္ခ ၁၀ ယောက်ထက် မနည်း သေဆုံး


အစ္စရေး၊ ပါလက်စတိုင်းနယ်စပ် ပဋိပက္ခ ၁၀ ယောက်ထက် မနည်း သေဆုံး
အစ္စရေး၊ ပါလက်စတိုင်းနယ်စပ် ပဋိပက္ခ ၁၀ ယောက်ထက် မနည်း သေဆုံး

အရှေ့အလယ်ပိုင်းဒေသက လက်ဘနွန်နဲ့ အစ္စရေး နယ်စပ်မှာ ပါလက်စတိုင်းကို ထောက်ခံတဲ့ ဆန့်ကျင် ဆန္ဒပြပွဲ အများအပြားကနေ နောက်ပိုင်းမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး လူ အနည်းဆုံး ၁၀ ဦး သေဆုံးကာ လူပေါင်း ရာနဲ့ချီ ဒဏ်ရာရသွားကြပါတယ်။

ဆန္ဒပြသူတွေ လက်ဘနွန် နိုင်ငံထဲကနေ အစ္စရေး နိုင်ငံထဲကို ကူးမလာအောင် တားဆီးတဲ့ အနေနဲ့ အစ္စရေး တပ်ဖွဲ့တွေက ဆန္ဒပြသူတွေထဲကို ပစ်ခတ်ခဲ့လို့ လူအနည်းဆုံး ၅ ဦး သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရသွားကြတယ်လို့ လက်ဘနွန် မျက်မြင်သက်သေတွေနဲ့ အရာရှိတွေက ပြောပါတယ်။

ဆီးရီးယား နိုင်ငံထဲမှာလည်း ဆန္ဒပြသူတွေက အစ္စရေးတို့ နေရာယူထားတဲ့ ဂိုလန် (Golan) ကုန်းမြင့်ကို ကာရံထားတဲ့ ခြံစည်းရိုးကို ဖောက်ပြီး ဝင်ရောက်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲဒီမှာလည်း အစ္စရေး တပ်ဖွဲ့တွေက ပစ်ခတ်လို့ လူ ၄ ဦး သေဆုံးပြီး အနည်းဆုံး ၄၅ ဦး ကျော် ဒဏ်ရာရသွားကြတယ်လို့ ဆီးရီးယား အရာရှိတဦးနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဟားမာ့စ် (Hamas) ထိန်းချုပ်တဲ့ ဂါဇာ (Gaza) ကမ်းမြောင်ဒေသနဲ့ ကပ်လျက် နယ်စပ်တလျှောက်က ဆန္ဒပြပွဲတွေမှာ ၂ ဘက် တိုက်ခိုက်မှုတွေဖြစ်ပြီး လူ ၁ ဦးမက သေဆုံးပြီး အနည်းဆုံး လူ ၆၀ ဒဏ်ရာ ရသွားကြတယ်လို့ ပါလက်စတိုင်း ကျန်းမာရေး ဝန်ထမ်းတွေနဲ့ အရာရှိတွေက ပြောပါတယ်။

ဂျေရုစလမ် (Jerusalem) မြို့ပြင်မှာတော့ ခဲတွေနဲ့ ပစ်ပေါက်နေကြတဲ့ ဆန္ဒပြသူတွေကို လူစုခွဲဖို့ စစ်သားတွေက မျက်ရည်ယိုဗုံးတွေနဲ့ပစ်၊ ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ခဲ့လို့ လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရရှိသွားတာပါ။

၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံ ထူထောင်လိုက်ပြီး ပါလက်စတိုင်း မိသားစုတွေ နှင်ထုတ်ခံရတဲ့ အယ်လ်-နပ်က်ဘာ (al-Naqba) လို့ခေါ်တဲ့ ဖြစ်ရပ် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ်နဲ့ ပါလက်စတိုင်းတွေ ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေကို အစ္စရေးတို့ ပစ်ခတ်နေတာကို ဆီးရီးယားက ရှုတ်ချပြီး အဲဒီလုပ်ရပ်ဟာ ပြစ်မှုမြောက်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) ကတော့ အစ္စရေးတို့ အနေနဲ့ သူ့နယ်စပ်တွေကို ကာကွယ်ဖို့ ဆုံးဖြတ်ချက် ချထားတယ်လို့ တနင်္ဂနွေနေ့က ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

XS
SM
MD
LG