သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး စေ့စပ်ချင်သော်လည်း ၆၇ နယ်နိမိတ်ကို လက်ခံမည်မဟုတ်


အစ္စရေး စေ့စပ်ချင်သော်လည်း ၆၇ နယ်နိမိတ်ကို လက်ခံမည်မဟုတ်

အစ္စရေးနိုင်ငံ အနေနဲ့ ပါလက်စတိုင်းတွေနဲ့ နာကျင်တဲ့ အပေးအယူတွေ လုပ်ဖို့ အဆင်သင့် ရှိတယ်လို့ အစ္စရေး ၀န်ကြီးချုပ် ဘန်ဂျမင် နက်တန်ယာဟု (Benjamin Netanyahu) က ပြောလိုက်ပါတယ်။ ဒါပေမဲ့ အစ္စရေးဘက်က ၁၉၆၇ ခုနှစ် မတိုင်ခင်က သတ်မှတ်ထားတဲ့ နယ်မြေအထိတော့ အလျှော့ပေးမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

အင်္ဂါနေ့က အမေရိကန် လွှတ်တော်အမတ်တွေ ကောင်းချီးပေး ကြိုဆိုခဲ့ကြတဲ့ လွှတ်တော် ၂ ရပ်ပေါင်း စည်းဝေးပွဲမှာ ၀န်ကြီးချုပ် နက်တန်ယာဟုက အဲဒီလို ပြောကြားလိုက်တာပါ။

အစ္စရေးအတွက် ခုခံကာကွယ်ဖို့ မလွယ်နိုင်တဲ့ ၁၉၆၇ ခုနှစ်က ၆ ရက်ကြာ အာရပ်၊ အစ္စရေး စစ်ပွဲမတိုင်ခင် သတ်မှတ်ထားတဲ့ နယ်မြေအထိတော့ ပြန်မသွားနိုင်ဘူးလို့ သူက ပြောပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ဖြစ်နေတဲ့ ပဋိပက္ခဟာ ပါလက်စတိုင်း တိုင်းပြည် တည်ထောင်ဖို့အတွက် မဟုတ်ဘဲ ဂျူးလူမျိုးတွေရဲ့ တိုင်းပြည် တည်ရှိနေတာကို ပါလက်စတိုင်းတွေက လက်မခံနိုင်တဲ့ကိစ္စ ဖြစ်တယ်လို့ ၀န်ကြီးချုပ် နက်တန်ယာဟုက ပြောပါတယ်။

ပါလက်စတိုင်းပြည်ရဲ့ နယ်မြေ အကျယ်အ၀န်းအတွက် အစ္စရေးဘက်က ရက်ရောပေးနိုင်ပေမဲ့ ဂျေရုဆလင်မြို့ ၂ ခြမ်းကွဲမယ့် ကိစ္စကိုတော့ လက်မခံဘူးလို့ သူက ပြောပါတယ်။

ငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးမှုနဲ့ပဲ တည်ဆောက်နိုင်မယ်လို့ သူက ပြောလိုက်ပြီး ကုလသမဂ္ဂရဲ့ ထောက်ခံမှုနဲ့ စက်တင်ဘာလမှာ ပါလက်စတိုင်းပြည် တည်ထောင်မယ့် ကိစ္စကို သူ့အနေနဲ့ ကန့်ကွက်ကြောင်းလည်း အစ္စရေး ၀န်ကြီးချုပ် နက်တန်ယာဟုက ပြောကြားသွားပါတယ်။

တချိန်တည်းမှာပဲ တွေ့ဆုံဆွေးနွေးမှုတွေအတွက် အစ္စရေး ၀န်ကြီးချုပ်ရဲ့ ကြိုတင် ကန့်သတ်ချက်တွေဟာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အဟန့်အတား ပိုဖြစ်စေတယ်လို့ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘာ့စ် (Mahmoud Abbas) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။

အမေရိကန် ကွန်ဂရက်ကို မစ္စတာ နက်တန်ယာဟု ချပြခဲ့တဲ့ အစ္စရေးရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ထဲမှာ အကြောင်းအရာ အသစ်အဆန်း မပါခဲ့ဘူးလို့ ပြောခွင့်ရပုဂ္ဂိုလ် နာဘီလ် အဘူ ရူဒေနေး (Nabil Abu Rudeineh) က ပြောပါတယ်။

ဂျေရုဆလင်မြို့ ၂ ခြမ်းမကွဲဘဲ တညီတညွတ်တည်း တည်ရှိနေရေးနဲ့ အဆုံးသတ် အစ္စရေးနိုင်ငံရဲ့ နယ်နိမိတ်အတွင်း အနောက်ဘက် ကမ်းခြေမှာ ဂျူးလူမျိုးတွေ ကျူးကျော် တည်ဆောက်ထားတဲ့ အိမ်ရာသစ်တွေ ပါဝင်ရမယ်ဆိုတဲ့ အချက်တွေ အစ္စရေး ၀န်ကြီးချုပ်က ထည့်သွင်း ပြောကြားသွားတဲ့ ကိစ္စဟာ ငြိမ်းချမ်းရေးအတွက် အဟန့်အတား ပိုဖြစ်စေတယ်လို့ ပါလက်စတိုင်း သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရူဒေနေးက ပြောပါတယ်။

အနာဂတ် ပါလက်စတိုင်း နိုင်ငံထဲမှာ အနောက်ဘက်ကမ်းခြေနဲ့ ဂါဇာ ကမ်းမြောင်ဒေသတွေ ပါဝင်ပြီး အရှေ့ဂျေရုဆလင်ကို မြို့တော်အဖြစ် ထားရှိမယ်လို့ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘာ့စ် အစိုးရက ပြောထားတာပါ။

XS
SM
MD
LG