သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး တိုက်ခိုက်မှု နေတန်ယာဟု ကာကွယ်ပြောဆို


ပါလက်စတိုင်းအရေး ထောက်ခံလှုပ်ရှားသူတွေ စီးနင်းလာတဲ့ သင်္ဘောတစီးကို အစ္စရေး အထူးတပ်ဖွဲ့ ကွန်မင်ဒို တပ်သားတွေက ဝင်ရောက် စီးနင်းခဲ့လို့ လှုပ်ရှားသူတွေ အနည်းဆုံး ၉ ဦး သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပေါ် အစည်းအဝေး ခေါ်ယူနေပါတယ်။ အစ္စရေးဘက်ကတော့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အနေနဲ့ လုပ်ဆောင်ခဲ့ရတာလို့ ဆိုနေပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက်တွေ သတင်းပေးပို့ထားတာကို ကိုကျော်အောင်လွင်က စုစည်းတင်ပြပေးထားပါတယ်။

တူရကီနဲ့ လက်ဘနွန်နိုင်ငံတွေက တိုက်တွန်းမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံဟာ အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ရပါတယ်။ ဂါဇာကမ်းမြောင်ကို အစ္စရေးတွေဘက်က ၃ နှစ်ကြာ ပိတ်ဆို့ထားတာကို ရုပ်သိမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပါလက်စတိုင်းအရေး ထောက်ခံသူတွေက ပါလက်စတိုင်းတွေအတွက် ကူညီထောက်ပံ့ရေး ပစ္စည်းတွေ တန် ၁၀,၀၀၀ လောက်ကို တင်ဆောင်ပြီး မြေထဲပင်လယ်ထဲမှာ သင်္ဘော ၆ စီး ခုတ်မောင်းခဲ့ပါတယ်။

တနင်္လာနေ့ မနက်ပိုင်းက အဲဒီသင်္ဘောတွေ အစ္စရေး ကမ်းလွန်ပင်လယ်ပြင်ကို ရောက်လာတဲ့အချိန် အစ္စရေး ကွန်မင်ဒို တပ်ဖွဲ့ဝင်တွေဟာ ရဟတ်ယဉ်ပေါ်ကနေ အကြီးဆုံးသင်္ဘောဖြစ်တဲ့ တူရကီပိုင် သင်္ဘောပေါ်ကို ကြိုးနဲ့ဆင်းလာခဲ့ကြပါတယ်။ အစ္စရေး ကာကွယ်ရေးဌာနက ပြသတဲ့ ဗွီဒီယိုမှာတော့ အဲဒီ ကြိုးနဲ့ဆင်းလာတဲ့ အစ္စရေး ကွန်မင်ဒိုကို သင်္ဘောပေါ်မှာရှိတဲ့ လူတွေက သံတုတ်တွေနဲ့ ရိုက်နှက်ကြတဲ့ပုံတွေ မြင်ရပါတယ်။

အဲဒီစစ်သားတွေဟာ ပစ်ရင် ဆေးအရောင်တွေ စွန်းပေစေတဲ့ သေနတ်တွေကို သယ်ဆောင်လာခဲ့ကြတယ်၊ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ပစ္စတိုသေနတ်တွေကို သုံးဖို့ အမိန့်တွေလည်း ပေးထားတယ်လို့ အစ္စရေးစစ်တပ် အရာရှိတွေက ပြောပါတယ်။

ပါလက်စတိုင်းအရေး လှုပ်ရှားသူတွေက စစ်သား ၂ ယောက်ရဲ့ သေနတ်တွေကိုယူပြီး စစ်သားတွေကို ပစ်ခဲ့လို့ သူက ပြန်ပြီး ပစ်ရတာ လို့လည်း ဆိုပါတယ်။ အဲဒီသင်္ဘောပေါ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် လူအနည်းဆုံး ၉ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ အစ္စရေးစစ်သား ၇ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ခုတ်မောင်းလာခဲ့တဲ့ သင်္ဘော ၆ စီးပေါ်မှာ ပါလက်စတိုင်းအရေး ထောက်ခံတဲ့ လှုပ်ရှားသူတွေ ၆၀၀ ကျော် ပါဝင်ပါတယ်။ အစ္စရေးတို့ ဘက် ကလည်း ဂါဇာကမ်းမြောင်ကို ပိတ်ဆို့ထားရတာဟာ ဂါဇာဒေသမှာရှိတဲ့ စစ်သွေးကြွတွေက ဒုံးကျည်တွေ၊ တခြားလက်နက်တွေနဲ့ အစ္စရေး ဘက်ကို ပစ်ခတ်မှုတွေ လုပ်တဲ့အခါ အသုံးပြုနိုင်မယ့် ပစ္စည်းတွေ မတင်ပို့နိုင်အောင် ကြိုတင်ကာကွယ်ရတဲ့ သဘောပါလို့ ဆိုပါတယ်။

ကနေဒါနိုင်ငံမှာ ရောက်နေတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) က သူ့ရဲ့ မြောက်အမေရိကား ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီး အခုဖြစ်နေတဲ့ သင်္ဘောကိစ္စ ဝေဖန်မှုတွေကို ကြိုးစားပြီး ဖြေရှင်းနေပါတယ်။

“ကျနော်တို့ရဲ့ မူဝါဒက ဒီလိုပါ။ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပစ္စည်းတွေ၊ ဆေးဝါးတွေ အားလုံးကို ကျနော်တို့ ကြိုးစားပြီး ခွင့်ပြုပါတယ်။ ဂါဇာမှာရှိတဲ့ အရပ်သူ၊ အရပ်သားတွေကို တိုက်ခိုက်ဖို့ အရေးကနေ ကျနော်တို့က ကာကွယ်ချင်တာပါ။ ဒါဟာ လက်ရှိ ကျင့်သုံးနေတဲ့ မူဝါဒပါ။ အခုကိစ္စမှာလည်း အဲဒီမူဝါဒထဲက ညွှန်ကြားချက်အရ လုပ်ဆောင်ရတဲ့ ကိစ္စပါ” လို့ ပြောသွားပါတယ်။

လူသားချင်း စာနာတဲ့ အကူအညီတွေပေးဖို့ ဂါဇာကိုသွားတဲ့ သင်္ဘောကို စီးနင်းမှုလုပ်တဲ့ ကိစ္စမှာ အစ္စရေးကို နိုင်ငံတကာက အပြစ်တင် ရှုတ်ချနေပါတယ်။ UNHCR လို့ခေါ်တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) ကလည်း နိုင်ငံတကာနဲ့အတူ အစ္စရေးကို ရှုတ်ချတဲ့သူပါ။

“အခုဖြစ်ခဲ့တဲ့ ကိစ္စဟာ ပုံမှန် လူသားဘဝနဲ့ ဂုဏ်သိက္ခာကို ရနိုင်ဖို့ လိုအပ်နေတဲ့ လူတွေအတွက် အကူအညီတွေ ပိုဝေးသွားစေပါတယ်။ ဂါဇာကမ်းခြေကို လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့ဖို့ အလာ အကြမ်းဖက်မှုနဲ့ ကြုံရပြီး လူတွေသေဆုံးကြ၊ ဒဏ်ရာတွေ ရကြတဲ့ ဒီကနေ့မနက် သတင်းကို ကြားရတော့ ကျမ သိပ်ပြီး တုန်လှုပ်သွားရပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကလည်း အခုကိစ္စကို တုန်လှုပ်မိတဲ့ အကြောင်းနဲ့ အစ္စရေးက အခုကိစ္စကို အပြည့်အစုံ ရှင်းပြရလိမ့်မယ်လို့ ပြောထားပါတယ်။ တူရကီ နိုင်ငံခြားရေး ဝန်ကြီးကလည်း အစ္စရေးတို့က တောင်းပန်ဖို့နဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတခု လုပ်ဖို့ လုံခြုံရေးကောင်စီမှာ တောင်းဆိုထားပါတယ်။ အမေရိကန်ဘက်ကလည်း အခုကိစ္စအတွက် အထူး စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းနဲ့ အစ္စရေးအစိုးရက အခုကိစ္စကို အပြည့်အ၀ စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းထားပါတယ်။

အခုကိစ္စကို မကျေနပ်တဲ့အတွက် နိုင်ငံ တော်တော်များများမှာလည်း ဆန္ဒပြမှုတွေ ဖြစ်နေပါတယ်။ ဂျော်ဒန်၊ လက်ဘနွန်၊ ဂရိ၊ ပြင်သစ်၊ ဆွီဒင်နဲ့ တူရကီနိုင်ငံတွေမှာ ဆန္ဒပြပွဲတွေ ဖြစ်နေတာပါ။ အမေရိကန် ပြည်ထောင်စုက မြို့ကြီး တော်တော်များများမှာလည်း လမ်းပေါ်ထွက် ဆန္ဒပြမှုတွေလုပ်ဖို့ စုရုံးခဲ့ကြပါတယ်။ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ လူ ၁၀,၀၀၀ လောက် ချီတက်ခဲ့ကြပါတယ်။ သင်္ဘောပေါ်က ပဋိပက္ခအတွင်း အများဆုံး သေဆုံးခဲ့ကြရတာကလည်း တူရကီနိုင်ငံသားတွေ ဖြစ်တယ်လို့ အစ္စရေး အရာရှိတွေက ပြောပါတယ်။

XS
SM
MD
LG