ပါလက်စတိုင်းဒေသထဲ ဝင်ရောက်မယ့် ကုန်ပစ္စည်းတွေကို ဂါဇာကမ်းမြောင်မှာ အစ္စရေးက ပိတ်ဆို့ထားမှုတွေကို အခု တဖြည်းဖြည်း လျှော့ပေးနေပြီဖြစ်ပြီး စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ပစ္စည်းတွေကို တင်ပို့ခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။
ဂါဇာဒေသကို အရပ်ဘက်သုံး ပစ္စည်းတွေ ပိုပြီး ဝင်ခွင့်ပြုဖို့ အစ္စရေး ဝန်ကြီးများအဖွဲ့က တနင်္ဂနွေနေ့မှာ အတည်ပြုပေးခဲ့ပါတယ်။ ဒီဒေသတွင်းဝင်ဖို့ တားမြစ်ကုန်ပစ္စည်း စာရင်းအသစ်ကို အစ္စရေးက ထုတ်ပြန်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လထဲမှာ ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောတွဲကို အစ္စရေးက ဝင်ရောက်စီးနင်းခဲ့ရာမှာ သေဆုံးမှုတွေ ဖြစ်ပွားခဲ့တာမို့ အစ္စရေးဘက်က ဒီလို မပိတ်ဆို့ဖို့ နိုင်ငံတကာရဲ့ ဖိအားပေးမှုကို အစ္စရေးက ရင်ဆိုင်နေရပါတယ်။
တနင်္ဂနွေနေ့မှာ ထုတ်ပြန်တဲ့ အစ္စရေးရဲ့ မူဝါဒအသစ်ကို အမေရိကန်သမ္မတ အိမ်ဖြူက ကြိုဆိုလိုက်ပြီး ဒီလိုစီစဉ်မှုဟာ ပါလက်စတိုင်း နယ်မြေထဲ လက်နက်တွေ ခိုးသွင်းမှုကို တားမြစ်နိုင်မှာ ဖြစ်သလို အခြေအနေတွေဟာ သိသိသာသာ တိုးတက်လာနိုင်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟူး (Benjamin Netanyahu) က အမေရိကန်သမ္မတ အိုဘားမားနဲ့ ဇူလိုင်လ ၆ ရက်နေ့မှာ တွေ့ဆုံဖို့ ရှိတယ်လို့လည်း သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။