သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ်နဲ့ အပစ်ရပ်စဲရေး သဘောတူဖို့ Hamas ခေါင်းဆောင်ငြင်းဆို


Hamas ဘက်က သူတို့လိုလားချက် မရသရွေ့တော့ အစ္စရေးလ်နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်မှာမဟုတ်ဘူးလို့ Hamas စစ်သွေးကြွ တပ်မှူးတဦးက ပြောလိုက်ပါတယ်။ အစ္စရေးလ်ကနေ ဂါဇာဒေသကို ပိတ်ဆို့ထားတာ အဆုံးသတ်ဖို့ဆိုပြီး Hamas အဖွဲ့ရဲ့ တောင်းဆိုချက်ကို အဲဒီတပ်မှူး Mohammad Deif က ပါလက်စတိုင်းမီဒီယာမှာ အင်္ဂါနေ့က ပြောဆိုသွားတာပါ။

အင်္ဂါနေ့ တနေ့တည်း အစ္စရေးလ်ဘက်က လေကြောင်းတိုက်ခိုက်မှုရော ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးတဲ့အရေအတွက် ၁၀၀ ထက်မနည်းရှိခဲ့ပြီး၊ အခုဆိုရင် ဂါဇာဘက်က သေဆုံးတဲ့အရေအတွက်ဟာ ၁၁၀၀ ကျော် ရှိသွားပါပြီ။ အများစုဟာ အရပ်သားတွေဖြစ်ပြီး ကလေးငယ်တွေ အတော်များများ ပါဝင်ပါတယ်။ အစ္စရေးလ်ဘက်ကတော့ စစ်သား ၅၃ ဦးနဲ့ အရပ်သား သုံးဦး သေဆုံးခဲ့ပါတယ်။

အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က ရေရှည်စစ် ဆင်နွဲှရမယ်လို့ ပြောဆိုသတိပေးလိုက်တဲ့နောက် အစ္စရေးလ်ဘက်က စစ်ရေးအရ ဖိအားတွေ တိုးလာချိန်လည်း ဖြစ်ပါတယ်။ မနေ့က တိုက်ခိုက်မှုအတွင်းမှာပဲ ဂါဇာမှာရှိတဲ့ တခုတည်းသော ဓာတ်အားပေးစက်ရုံတခု ထိခိုက်ပြီး စက်ရုံရပ်နားသွားပါတယ်။

အဲဒီ အတိုက်ခိုက် မခံရခင်ကတည်းကတော့ ဂါဇာမှာ လျှပ်စစ်ကို တနေ့ကို သုံးနာရီပဲ ပေးနေတာပါ။ အစ္စရေးလ်ဘက်ကို ခိုးဝင်ဖို့ Hamas စစ်သွေးကြွတွေက ဖောက်လုပ်ထားတဲ့ မြေအောက်ဥမင်တွေကို အစ္စရေးလ်တပ်ဖွဲ့တွေက မဖျက်ဆီးနိုင်သရွေ့ စစ်ပွဲကို အဆုံးသတ်မှာ မဟုတ်ဘူးလို့ အစ္စရေးလ်ဝန်ကြီးချုပ် Netanyhu က ပြောခဲ့ပါတယ်။ အဲဒီမြေအောက်ဥမင်ကို အသုံးချတဲ့ တိုက်ခိုက်ရေးသမားတွေကပဲ အင်္ဂါနေ့တုန်းက အစ္စရေးလ်စစ်သား ၅ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်က ပြောပါတယ်။

XS
SM
MD
LG