အစ္စရေးလ်နဲ့ ပါလက်စတိုင်းတွေရဲ့ကြားမှာ ငြိမ်းချမ်းရေး သဘောတူညီချက် တရပ်ကို ပါလက်စတိုင်း ပြည်သူ့ဆန္ဒခံယူပွဲက အတည်ပြုမယ်ဆိုရင် အစ္စလာမ် လှုပ်ရှားမှုက လက်ခံဖို့ဆန္ဒ ရှိနေပါတယ်လို့ ဂါဇာမှာရှိတဲ့ ဟာမားစ်အဖွဲ့ရဲ့ ထိပ်တန်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။
လုပ်ခဲလှတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဂါဇာ ၀န်ကြီးချုပ် အစ်စ်မေးလ် ဟာနီယေ (Ismail Haniyeh) က ဗုဒ္ဓဟူးနေ့က အခုလို ပြောခဲ့တာပါ။
၁၉၆၇ ခုနှစ်က သတ်မှတ်ခဲ့တဲ့အတိုင်း နယ်ခြားနဲ့ မြို့တော်အဖြစ် ဂျေရုစလမ် သတ်မှတ်ချက်ပေါ် အခြေခံမယ့် ပါလက်စတိုင်း နိုင်ငံတော်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ မပါတဲ့ ဟားမားစ်အဖွဲ့ အနေနဲ့ လက်ခံမယ်လို့ သူက ဆိုပါတယ်။
စစ်သွေးကြွ ဟားမားစ်အုပ်စုဟာ လူထုဆန္ဒခံယူပွဲ ရလဒ်ကို လေးစားမယ်လို့ ဆိုပါတယ်။ တကယ်လို့ သူတို့လှုပ်ရှားမှုက ကိုင်စွဲထားတဲ့ အတွေးအခေါ်၊ မူတွေနဲ့ ရလဒ်က ကွဲပြားနေရင်တောင် လက်ခံမှာ ဖြစ်တယ်လို့ ပြောပါတယ်။
အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့ရဲ့ တိုက်ရိုက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ အစ္စရေးလ်က အနောက်ဘက်ကမ်းမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြန်စလုပ်ခဲ့တဲ့ စက်တင်ဘာလကစပြီး ရပ်သွားခဲ့ပါတယ်။
ဂျေရုစလမ်ရဲ့ အနောက်ဘက် တံတိုင်းဟာ ဂျူးတွေအတွက် ဘာသာရေးအရ အရေးမပါဘူး ဆိုတဲ့ တင်ပြချက်တရပ်ကို ပါလက်စတိုင်း အစိုးရက သူ့ရဲ့ တရားဝင် အင်တာနက် စာမျက်နှာပေါ်မှာ တင်ထားရာက ပြန်ဖယ်ရှားပစ်လိုက်တယ်လို့ AP သတင်းဌာနက ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်က ဒီတင်ပြချက်ကို တင်လိုက်တာနဲ့ အစ္စရေးလ်ကရော အမေရိကန်ကပါ ရှုတ်ချခဲ့ကြပါတယ်။