ဂါဇာကမ်းမြှောင်ဒေသအပေါ် အစ္စရေးလ်က လေကြောင်းတိုက်ခိုက်မှုပေါင်း ဒါဇင်နဲ့ချီ အင်္ဂါနေ့က လုပ်ခဲ့ပါတယ်။ အစ္စရေးလ်တို့ဘက်ကို ပါလက်စတိုင်းဘက်က ရော့ကက် ဒုံးလက်နက်တွေနဲ့ ပစ်ခတ်နေတာကို တားဆီးနိုင်ဖို့ မြေပြင်တိုက်ခိုက်မှုတွေလုပ်ဖို့ ပြင်ဆင်နေချိန်မှာပဲ အခုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။
ဂါဇာဒေသမှာရှိတဲ့ ဟားမတ်စ်စစ်သွေးကြွတွေအပေါ် ရက်ပိုင်းအတွင်း ပြီးသွားမှာမျိုးမဟုတ်တဲ့ စစ်ဆင်ရေးလုပ်ဖို့ အစ္စရေးလ်က ပြင်ဆင်နေတယ်လို့ အစ္စရေးလ်ကာကွယ်ရေးဝန်ကြီး Moshe Ya'alon က ပြောကြားခဲ့ပါတယ်။ တာဝန်ချထားတဲ့ အရန်တပ်ဖွဲ့ဝင် ၁၅၀၀ အပြင် အရန်တပ်ဖွဲ့ဝင်ပေါင်း ၄ သောင်းကို ခေါ်ယူတာဝန်ပေးဖို့ အစ္စရေးလ်လုံခြုံရေးရာ Cabinet က ခွင့်ပြုထားပါတယ်။
အစ္စရေးလ်တင့်ကားတွေ၊ သံချပ်ကာကားတွေကို ဂါဇာနယ်စပ်ဘက်မှာ တွေ့ရပြီး မြေပြင်စစ်ဆင်ရေးလုပ်ဖို့ အလားအလာရှိတာကြောင့် ကြည်းတပ်က အစောင့်တပ်သားတွေကို ခေါ်ယူထားတယ်လို့ စစ်တပ်ပြောခွင့်ရသူက ပြောပါတယ်။ Operation Protective Edge လို့ အစ္စရေးလ်တို့ပြောတဲ့ တိုက်ခိုက်မှုတွေအရ ဂါဇာကမ်းမြှောင်က အိမ်တွေ၊ ရော့ကက်တွေ ပစ်လွှတ်နေတဲ့ နေရာတွေအပါအဝင် နေရာပေါင်း ၁၀၀ ကျော်ကို လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကလေး ၃ ယောက် အပါအဝင် ၁၉ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ အစ္စလာမ် စစ်သွေးကြွတွေဘက်က အစ္စရေးလ်ဘက်ကို ပစ်ခတ်နေတာမှာ ဂါဇာနဲ့ မိုင် ၆၀ ကျော်လောက်ဝေးတဲ့ မြောက်ပိုင်းက Hadera မြို့အထိ ရော့ကက်ဒုံးလက်နက် တခုထက် မနည်းကျခဲ့ပါတယ်။
ဂါဇာဘက်က ပစ်နေတဲ့ထဲမှာ အဲဒါအဝေးဆုံး ရောက်တာဖြစ်တယ်လို့ အစ္စရေးလ် တာဝန်ရှိသူတွေဘက်က ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေအတွင်း အသေအပျောက် မရှိဘူးလို့လည်း အစ္စရေးလ်ဘက်က ဆိုပါတယ်။ အစ္စရေးလ်တောင်ဘက်မှာရှိတဲ့ မြေထဲပင်လယ်ကမ်းခြေကို ရောက်လာတဲ့ Hamas စစ်သွေးကြွ ၄ ယောက်ကို သုတ်သင်ခဲ့တယ်လို့လည်း အစ္စရေးလ်တို့က ဆိုပါတယ်။
ဟားမတ်စ်အဖွဲ့ဘက်က ရော့ကက်တွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတဲ့အပေါ် အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest က အပစ်တင်ခဲ့ပြီး အစ္စရေးလ်တို့အနေနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ပိုင်ခွင့် ရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။