အစ္စရေးလ်နဲ့ ပါလက်စတိုင်းကြား အရှိန်မြင့်ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ အခုနှစ် အရှေ့အလယ်ပိုင်းဒေသအတွင်း ရင်ဆိုင်ရတဲ့ အတိမ်းအစောင်းမခံတဲ့ စမ်းသပ်ချက်တွေထဲက တခုဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်ပါတယ်။ ဒီဒေသမှာ နောက်ထပ် စစ်မက်ကြီးတခု ထပ်မံဖြစ်ပွားတာမျိုး လက်မခံနိုင်တော့ဘူးလို့ မစ္စတာ ဘန်ကီမွန်းက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဒါပေမဲ့ အကြမ်းဖက်မှု အန္တရာယ်က ပိုပြီးတော့ တိုးလာနေတယ်လို့ ဆိုပါတယ်။ ကုလအတွင်းရေးမှူးချုပ်ဟာ တနေ့လုံးလိုလို နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တယ်လီဖုန်းဆက်ပြီး ဒီဒေသက အရေးအခင်းကို ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းရှာနေခဲ့တာပါ။
အာရပ်နိုင်ငံတွေရဲ့ သံအမတ်ကြီးတွေပါဝင်တဲ့ အုပ်စုကတော့ သူတို့အခေါ် အစ္စရေးလ်ရဲ့ ရန်လိုနေမှုအပေါ် ဆွေးနွေးဖို့ ကြာသပတေးနေ့မှာ အရေးပေါ် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူဖို့ တောင်းဆိုနေကြပါတယ်။
အစ္စရေးလ်စစ်လေယာဉ်တွေက ဂါဇာကိုဖြတ်ပြီး ပါလက်စတိုင်းပစ်မှတ်တွေကို ဗုဒ္ဓဟူးနေ့မှာ ဗုံးကြဲတိုက်ခိုက်နေသလို ဟားမတ်စ် စစ်သွေးကြွတွေကလည်း အစ္စရေးလ်နိုင်ငံ အတွင်းပိုင်းကို ရော့ကက်ဒုံးကျည်တွေနဲ့ ပစ်ခတ်နေပါတယ်။
အစ္စရေးလ်နိုင်ငံအတွင်း ရော့ကက်ဒုံးကျည်တွေနဲ့ ပစ်ခတ်နေမှုကို ရပ်တန့်သွားအောင် ရည်ရွယ်တဲ့အနေနဲ့ ပြုလုပ်တဲ့ အစ္စရေးလ်ရဲ့ ထိရောက်စူးရှ ကာကွယ်မှု စစ်ဆင်ရေး ဒုတိယနေ့မှာ အစ္စရေးလ်စစ်တပ်က တိုက်ခိုက်မှု အရှိန်ကို တိုးမြှင့်လိုက်ပါတယ်။
အခုသီတင်းပတ်အတွင်း ဂါဇာမှာ အနည်းဆုံး လူပေါင်း ၄၄ ယောက် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။ ဒီအထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အစ္စရေးလ်ဘက်ကတော့ အသေအပျောက် မရှိဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အစ္စရေးလ်ရဲ့ အဓိက စီးပွားရေးအချက်အခြာနေရာမှာ လေကြောင်းတိုက်ခိုက်မှု အချက်ပေးဥသြသံတွေ ကြားနေရပါတယ်။
အစ္စရေးလ်နိုင်ငံထဲကို ရော့ကက်ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတာကို ခွင့်မပြုနိုင်ဘူးလို့ ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု က ပြောပါတယ်။ ဟားမတ်စ်အဖွဲ့အနေနဲ့ သူတို့ရဲ့တိုက်ခိုက်မှုတွေအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်လို့လည်း အစ္စရေးလ်ဝန်ကြီးချုပ်ကပြောပါတယ်။