သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျူးဘုရားကျောင်းတိုက်ခိုက်မှု သေဆုံးသူ ၅ ဦးရှိပြီ


အစ္စရေးလ်နိုင်ငံ ဂျေရုဆလင်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တဦး ထပ်မံ သေဆုံးသွားတဲ့အတွက် သေဆုံးသူအရေအတွက် စုစုပေါင်း ၅ ဦး ရှိသွားပြီဖြစ်ပါတယ်။

အသားခုတ်တဲ့ ဓားမတချောင်း အပါအဝင် ဓားတွေနဲ့ သေနတ်တလက် ကိုင်ဆောင်ထားတဲ့ ပါလက်စတိုင်းလူမျိုး နှစ်ယောက်ဟာ ဂျေရုဆလင်မြို့မှာရှိတဲ့ ဂျူးဘုရားရှစ်ခိုးကျောင်း တခုအတွင်းကို အင်္ဂါနေ့ မနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်တာပါ။ နောက်ပိုင်းမှာ တိုက်ခိုက်သူတွေကို ရဲက ပစ်သတ်လိုက်ပါတယ်။

ဂျေရုဆလင်မှာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး သွေးစွန်းတဲ့ တိုက်ခိုက်မှုဖြစ်ပြီး အခင်းဖြစ်ပွားတဲ့ နေရာဟာ အနောက်နိုင်ငံတွေကနေ ပြောင်းရွှေ့လာကြတဲ့ ရှေးရိုးစွဲ ဂျူးဘာသာဝင်တွေ နေထိုင်ကြတဲ့ ရပ်ကွက်လည်း ဖြစ်ပါတယ်။

သေဆုံးတဲ့ အရပ်သားတွေဟာ အစ္စရေးလ်လူးမျိုးတွေဖြစ်ပြီး၊ နိုင်ငံနှစ်ခုရဲ့ နိုင်ငံသားတွေအဖြစ် ခံယူထားကြသူတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သုံးယောက်ဟာ အမေရိကန်နိုင်ငံသား ခံယူထားကြသူတွေဖြစ်ပြီး တဦးကတော့ ဗြိတိသျှနိုင်ငံသား ဖြစ်ပါတယ်။ သူတို့ဟာ ဂျူးဘာသာရေး တရားဟောဆရာတွေ ဖြစ်ကြတယ်လို့ အစ္စရေးလ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ကနေဒါနိုင်ငံသားတဦး အပါဝင် လူ ၇ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။ ဂျေရုဆလင်နဲ့ ဂါဇာအနောက်ဘက်ခြမ်း နေရာတွေမှာ ပြီးခဲ့တဲ့လကစပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေရာမှာ တစထက်တစ ပိုပိုပြီးတော့ ပြင်းထန်လာနေတာပါ။ ပါလက်စတိုင်းခေါင်းဆောင် မာမွတ် အာဘတ်စ် က တိုက်ခိုက်မှုကို ရှုံ့ချလိုက်ပါတယ်။

အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ဂျမင် နတန်ရာဟု ကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးတော့ လက်တုံ့ပြန်ရလိမ့်မယ်လို့ ပြောဆိုလိုက်ပြီး၊ တိုက်ခိုက်သူ ၂ ဦးရဲ့ အိမ်တွေကို ဖျက်ဆီးပစ်ဖို့နဲ့ အကြမ်းဖက်မှုရဲ့ နောက်ကွယ်မှာ ပါဝင်ပတ်သက်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးပစ်ဖို့ ရဲတပ်ဖွဲ့ကို အမိန့်ပေးလိုက်ပါတယ်။

XS
SM
MD
LG