သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ် ပါလက်စတိုင်း ၇၂ နာရီအပစ်ရပ်မှု အသက်ဝင်နေဆဲ


အစ္စရေးလ်နဲ့ ပါလက်စတိုင်း Hamas အဖွဲ့ကြား ၇၂ နာရီ အပစ်အခတ်ရပ်စဲထားတဲ့ ပထမနေ့ကုန်ခါနီး အင်္ဂါနေ့ညရောက်တဲ့အထိ ဂါဇာဒေသမှာ ပစ်ခတ်မှုတွေမရှိဘဲ တည်ငြိမ်နေပါတယ်။ ၁ လနီးပါးအတွင်း အပြန်အလှန် ပစ်ခတ်မှုတွေ အကြာရှည်ဆုံး ရပ်နေတာဖြစ်ပါတယ်။ ကမ်းရိုးတန်းဒေသဘက်ကနေ အစ္စရေးလ်တပ်တွေကို ရုပ်သိမ်းခဲ့ပြီး ဒေသစံတော်ချိန် အင်္ဂါနေ့ မနက် ၈ နာရီကစလို့ ၂ ဘက် အပစ်အခတ်ရပ်စဲမှု စတင်ခဲ့ကြပါတယ်။

ဂါဇာဒေသကနေ အစ္စရေးလ်တပ်တွေကို ရုပ်ခဲ့ပေမဲ့ သိပ်အဝေးကြီးကို ဆုတ်ခဲ့တာ မဟုတ်ပါဘူး။ Hamas အဖွဲ့က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုအတွက် အသုံးပြုနေတယ်လို့ သိထားတဲ့ထဲက နောက်ဆုံး ၃၂ ခုမြောက် မြေအောက်လှိုဏ်ဂူကို ဖျက်ဆီးခဲ့ပြီးနောက် အစ္စရေးလ်စစ်သားတွေဟာ ဂါဇာဒေသအပြင်မှာ ကာကွယ်ဖို့ အသင့်အနေအထားနဲ့ ရှိနေတယ်လို့ အစ္စရေးလ်စစ်တပ်ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး Peter Lerner က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

The Hague မှာရောက်နေတဲ့ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး Riad al-Malki ကတော့ သူ့အဆို ဂါဇာဒေသအပေါ် အစ္စရေးလ်တို့ရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကို နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC က တရားလိုရှေ့နေတွေကို အင်္ဂါနေ့ ထပ်ပြီး ပြောကြားခဲ့ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ ၂ ဘက်လုံးအပေါ် အသေအချာ စုံစမ်းစစ်ဆေးမှုလုပ်ဖို့အတွက်လည်း PA ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ ကိုယ်စားလှယ် Al-Malki က တောင်းဆိုခဲ့ပါတယ်။

စွပ်စွဲချက်တွေကို နိုင်ငံတကာတရားရုံးက စစ်ဆေးသုံးသပ်နိုင်ဖို့အတွက် ပါလက်စတိုင်းအစိုးရအနေနဲ့ ICC အဖွဲ့ဝင်ဖို့ လိုပါတယ်။ အဖွဲ့ဝင်လျှောက်ထားဖို့ အချိန်ဘယ်လောက်ကြာမယ်ဆိုတဲ့ ကိစ္စတွေကို ICC ရှေ့နေတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ Mr. Al-Malki က ဆိုပါတယ်။ ဒါပေမဲ့ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းမှာ အုပ်ချုပ်နေတဲ့ PA ပါလက်စတိုင်း အာဏာပိုင်အဖွဲ့နဲ့ ဂါဇာဒေသကို အုပ်ချုပ်နေတဲ့ နိုင်ငံရေးပြိုင်ဘက် Hamas အဖွဲ့ ၂ ခု ဖြစ်နေတဲ့အတွက် လျှောက်ထားမှု ကြန့်ကြာနိုင်ပါတယ်။

XS
SM
MD
LG