သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ အစ္စရေးလ် ပိုပြင်းထန်စွာ ထိုးစစ်ဆင်မည်


ဂါဇာဒေသအပေါ် အစ္စရေးလ်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို တိုးမြှင့်မယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က ပြောလိုက်ပါတယ်။ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို ဟားမတ်စ် စစ်သွေးကြွတွေက ပယ်ချခဲ့ပြီး အစ္စရေးလ်ဘက်ကို ရော့ကက်ဒုံးကျည်တွေနဲ့ ဆက်လက် ပစ်ခတ်နေချိန်မှာပဲ အစ္စရေးလ်ဝန်ကြီးချုပ်က အခုလို ပြောခဲ့တာဖြစ်ပါတယ်။

ဖြစ်နေတဲ့ပဋိပက္ခကို သံတမန်ရေးနည်းနဲ့ ဖြေရှင်းဖို့လိုလားပေမဲ့ ဟားမတ်စ်တို့ရဲ့လုပ်ရပ်ကြောင့် သူတို့အပေါ် တိုက်ခိုက်တဲ့ စစ်ဆင်ရေးကို တိုးမြှင့်ရုံကလွဲပြီး တခြားနည်းလမ်း မရှိဘူးလို့ အင်္ဂါနေ့မှာ မစ္စတာ Netanyahu က ပြောကြားခဲ့တာပါ။ အင်္ဂါနေ့တုန်းက အီဂျစ်တို့ ညှိနှိုင်းပေးထားတဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို သဘောတူတဲ့အနေနဲ့ အစ္စရေးလ်စစ်တပ်ဘက်က ၆ နာရီကြာ အပစ်အခတ်ရပ်ခဲ့ပါတယ်။

ဒါပေမဲ့ ဟားမတ်စ်တို့ ထိန်းချုပ်ထားတဲ့ ဒေသဘက်ကနေ အစ္စရေးလ်ဘက်ကို ရော့ကက်ဒုံးကျည် ၅၀ လောက် ပစ်ခတ်ပြီးတဲ့နောက်မှာတော့ လေကြောင်းတိုက်ခိုက်မှုကို ပြန်စခဲ့တယ်လို့ အစ္စရေးလ်က ဆိုပါတယ်။ ဂါဇာဆီသွားတဲ့ Erez လမ်းဆုံမှာ ရော့ကက်ဒုံးကျည်မှန်လို့ အစ္စရေးလ်တယောက် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့တပတ်ထဲ ပစ်ခတ်မှုတွေ စတင်ကတည်းကဆိုရင် ပထမဆုံး အစ္စရေးလ်ဘက်က သေဆုံးမှုဖြစ်ပါတယ်။ ပါလက်စတိုင်းဘက်မှာတော့ သေဆုံးသူပေါင်း ၁၉၄ ယောက် ရှိသွားပြီလို့ ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG