သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hamas ဒုံးကျည် တိုက်ခိုက်မှုကို အစ္စရေးလ်တုံ့ပြန်


အစ္စရေးလ်နဲ့ ပါလက်စတိုင်းကြား အပစ်အခတ်ရပ်စဲရေး အချိန်တိုးခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ဂါဇာကမ်းမြှောင်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုကို လုပ်ခဲ့တယ်လို့ အစ္စရေးလ် စစ်တပ်ဘက်က ပြောလိုက်ပါတယ်။ ပါလက်စတိုင်းတို့ဘက်က ရော့ကက်ဒုံးနဲ့ ပစ်ခတ်ခဲ့မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ လုပ်တာလို့ ပြောပါတယ်။

ဂါဇာမှာရှိတဲ့ အကြမ်းဖက်နေရာတွေအပေါ် ပစ်မှတ်ထား တိုက်ခဲ့တာလို့ အစ္စရေးလ်စစ်တပ်က ကြာသပတေးနေ့ အစောပိုင်းမှာ ပြောခဲ့တာပါ။ အစ္စရေးလ်နဲ့ ပါလက်စတိုင်း လက်နက်ကိုင် Hamas အဖွဲ့ကြား ၇၂ နာရီ အပစ်အခတ်ရပ်ဆဲမှု ကုန်ဆုံးခါနီး ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ အစ္စရေးလ်ဘက်ကို ရော့ကက်ဒုံးလက်နက် ၃ ခုထက်မနည်း ကျလာတယ်လို့ ဆိုပါတယ်။ အပစ်အခတ်ရပ်စဲမှုကို ၅ ရက်ထပ်တိုးဖို့ Hamas အဖွဲ့ဘက်က သဘောတူခဲ့တယ်လို့ ပါလက်စတိုင်း တာဝန်ရှိသူတွေက အီဂျစ်နိုင်ငံမှာ ပြောခဲ့အပြီးမှာပဲ အခုလို အစ္စရေးလ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြောခဲ့တာပါ။

အာရပ်နိုင်ငံတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက အပြည့်အဝ ထောက်ခံတဲ့ နောက်ဆုံး သဘောတူညီမှုတွေ လာမယ့် သီတင်းပတ်တွေမှာ ရရှိမယ်လို့ မျှော်လင့်ကြောင်း ပါလက်စတိုင်း ညှိနှိုင်းရေးမှူးက ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေး အချိန်တိုးတာနဲ့ ပတ်သက်လို့ အစ္စရေးလ် တာဝန်ရှိသူတွေ ဘက်ကတော့ တစုံတရာ ပြောဖို့ ငြင်းခဲ့ပါတယ်။

၁ လလောက်အတွင်း လူပေါင်း ၂ ထောင်ကျော် သေဆုံးခဲ့ရတဲ့ အပြန်အလှန် ပစ်ခတ်နေမှုတွေ ရေရှည် ရပ်သွားအောင် အစ္စရေးလ်နဲ့ ပါလက်စတိုင်း လက်နက်ကိုင် Hamas အဖွဲ့ကြား သဘောတူမှု ရရှိဖို့အတွက် ကြားဝင် ညှိနှိုင်းပေးသူတွေဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ ဆွေးနွေးနေကြတာ ဖြစ် ပါတယ်။

ဆက်လက် အပစ်အခတ်ရပ်စဲထားဖို့ ဆွေးနွေးနေကြတဲ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်းကပဲ ဂါဇာကမ်းမြှောင် ဒေသဘက်က ပစ်လိုက်တဲ့ ရော့ကက်ဒုံးကျည်တခု အစ္စရေးလ်တောင်ပိုင်းကို ကျခဲ့ပါသေးတယ်။ Hamas စစ်သွေးကြွတွေကတော့ သူတို့ပစ်တာ မဟုတ်ဘူးလို့ ငြင်းခဲ့ပါတယ်။ အစ္စရေးလ် တာဝန်ရှိသူတွေဘက်ကလည်း တစုံတရာ ထိခိုက်မှု မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG