သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ကမ်းလှမ်းထားချိန် ဂါဇာမှာတိုက်ပွဲတွေ ဆက်ဖြစ်


အစ္စရေး တိုက်ခိုက်မှုခံနေရသော ဂါဇာတောင်ပိုင်း Rafah မြို့
အစ္စရေး တိုက်ခိုက်မှုခံနေရသော ဂါဇာတောင်ပိုင်း Rafah မြို့

ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်သစ်တရပ်ကို အစ္စရေးက ကမ်းလှမ်းထားတဲ့အကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် က ပြောဆိုလိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ ဂါဇာတောင်ပိုင်း Rafah မြို့ကို အစ္စရေးစစ်တပ်က တင့်ကားတွေ၊ လက်နက်ကြီးတွေနဲ့ ဒီကနေ့ အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေးရဲ့ ဂါဇာဒေသ အပစ်ရပ်စဲရေး အဆိုပြုချက်အဖြစ် သမ္မတဘိုင်ဒန်က ထုတ်ပြန်ကြေညာပြီး အချိန်ပိုင်းလေးအတွင်းမှာပဲ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဟာမတ်စ်အဖွဲ့ကို အပြီးတိုင် ချေမှုန်းရေးအပါအဝင် အစ္စရေးရဲ့ ရည်မှန်းချက်အားလုံး မပြည့်မချင်း တိုက်ခိုက်မှုတွေ ဆက်လုပ်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟာမတ်စ်ကတော့ သမ္မတဘိုင်ဒန် ချပြတဲ့အစီအစဥ်ကို အကောင်းမြင် သုံးသပ်စဥ်းစားသွားမယ်လို့ တုံ့ပြန်ပါတယ်။

ဂါဇာမှာ ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့အတွက် အဆင့် ၃ ဆင့်ပါတဲ့ အပစ်ရပ် အဆိုပြုချက်ထဲမှာတော့ ပထမအဆင့်အနေနဲ့ သီတင်း ၆ ပတ်ကာလအတွင်း ဂါဇာက လူဦးရေသိပ်သည်းတဲ့ ဒေသအားလုံးမှာ ရှိနေတဲ့ အစ္စရေးတပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်းဖို့၊ အဲ့ဒီနောက် ဟာမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓားစာခံတွေ အားလုံးပြန်လွှတ်ပေးပြီး အပြန်အလှန်အနေနဲ့ ပါလက်စတိုင်း အကျဥ်းသားတွေကိုလည်း အစ္စရေးက ပြန်လွှတ်ပေးဖို့နဲ့ နောက်ဆုံး တတိယအဆင့် အနေနဲ့ကတော့ ဒီသီတင်း ၆ ပတ် ကာလအတွင်းမှာ ရေရှည်ခိုင်မာတဲ့ အပစ်ရပ်သဘောတူညီချက် ရရှိအောင် အစ္စရေးနဲ့ ပါလက်စတိုင်းကြား ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ပြီး ဒီလိုညှိနှိုင်းနေတဲ့ တချိန်တည်းမှာလည်း အပစ်ရပ်ထားဖို့ ဖြစ်တယ်လို့ သမ္မတ ဘိုင်ဒန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးရဲ့ ဒီအဆိုပြုချက်ကို ဟာမတ်စ်အဖွဲ့ကလည်း လက်ခံဖို့ သမ္မတဘိုင်ဒန်က တိုက်တွန်းခဲ့သလို၊ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး David Cameron ကလည်း ထောက်ခံပါတယ်။ စစ်ပွဲကြီးရပ်ဖို့ အချိန်တန်ပြီး နေ့သစ်စဖို့ အချိန်ရောက်ပြီလို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး David Cameron က တိုက်တွန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG