အစ္စရေးနိုင်ငံမှာ လူနေမှုစရိတ်တွေ မြင့်မားလာတာကို မကျေနပ်လို့ ဆန္ဒပြကြဖို့ နိုင်ငံအတွင်းမြို့တွေက လမ်းမတွေပေါ်ကို လူ ၄ သိန်းလောက် မနေ့တုန်းက ထွက်လာခဲ့ကြပါတယ်။ လူမှုတရားမျှတရေး ရဖို့ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ မြို့တော် တယ်လ်အဗီးမှာ လူအုပ်ကြီးက တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အစ္စရေး ဝန်ကြီးချုပ် ဘင်န်ဂျမင်နတ်တန်ရာဟု ကို ဖိအားတွေ ပိုပြီးပေးလာနေတာပါ။ အိမ်ဈေးတွေ မြင့်တက်လာတဲ့ကိစ္စနဲ့ ပညာရေးစရိတ် မြင့်မားလာနေတဲ့ကိစ္စတွေ အပါအဝင် စီးပွားရေးကိစ္စ မကျေနပ်မှုတွေကို လူတွေသန်းနဲ့ချီပြီး ဆန္ဒပြကြဖို့ စီစဉ်ထားတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
အခုလို ဆန္ဒပြမှုတွေဟာ အစ္စရေးမှာ ပြီးခဲ့တဲ့ဇူလိုင်လက စတင်ခဲ့တာပါ။ နွေရာသီတခုလုံးကြာရှည်တဲ့ ဆန္ဒပြမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဝန်ကြီးချုပ် နတ်တန်ရာဟုက စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ တင်ပြမှုတွေကိုလုပ်ဖို့ ကော်မရှင်တရပ်ကို ဖွဲ့စည်းမယ်လို့ပြောထားပြီး ဆန္ဒပြသူတွေနဲ့လည်း ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဆန္ဒပြသူတော်တော်များများက တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတာကို လက်မခံဘဲ ဆန္ဒပြမှုတွေကို ဆက်ပြီးလုပ်နေတာ ဖြစ်ပါတယ်။