အစ္စရေးစစ်တပ်က သီတင်းပတ်နဲ့ချီ စစ်ဆင်နေတဲ့ အနောက်ဖက်ကမ်းဒေသက နေရာတချို့မှာ စစ်ဆင်ရေးတွေ အရှိန်မြှင့်နေပြီး ရှေ့လာမယ့်နှစ်ထဲအထိ တပ်စွဲထားဖို့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲရေး စတင်လိုက်ပြီး ၂ ရက်အကြာမှာပဲ သိမ်းပိုက်ခံ အနောက်ဖက်ကမ်းဒေသမှာ ဇန်နဝါရီလ ၂၁ ရက်ကစ အစ္စရေးက ထိုးစစ်ဆင်ခဲ့သလို၊ အနီးအနားဒေသတွေမှာလည်း တိုးချဲ့စစ်ဆင်ခဲ့တာပါ။ စစ်ဆင်ရေးတွေဟာ စစ်သွေးကြွတွေကို နှိမ်နင်းဖို့ ရည်ရွယ်တာဖြစ်ကြောင်း အစ္စရေးက ပြောထားပေမဲ့ ပါလက်စတိုင်း ၃ သန်းလောက်ရှိတဲ့ နယ်မြေမှာ အစ္စရေးက အခိုင်အမာထိန်းချုပ်မယ့် လုပ်ရပ်အဖြစ် ပါလက်စတိုင်းတွေက မြင်ကြပါတယ်။
စီးနင်းတိုက်ခိုက်မှုတွေကြောင့် သေကျေမှုတွေ၊ မြို့ပြဒေသမှာ ထိခိုက်ပျက်စီးမှုတွေ ကြုံရသလို၊ လူပေါင်းထောင်သောင်းချီ နေရပ်စွန့်ခွာနေကြရတာပါ။ ပါလက်စတိုင်း ၄ သောင်းလောက် ထွက်ပြေးသွားတဲ့ အနောက်ဖက်ကမ်းဒေသက ဒုက္ခသည်စခန်းတွေမှာ စစ်တပ်က ဆက်လက်တပ်စွဲထားနိုင်အောင် ပြင်ဆင်ထားဖို့ ညွှန်ကြားထားတယ်လို့လည်း အစ္စရေး ကာကွယ်ရေးဝန်ကြီး Israel Katz က ပြောပါတယ်။
ပါလက်စတိုင်းတွေ ထွက်ပြေးသွားတာကြောင့် လူသူမရှိဖြစ်နေတဲ့ နေရာမှာ အရင်က ဒုက္ခသည် ၄ သောင်းလောက် ရှိခဲ့တယ်လို့ ကုလသမဂ္ဂကလည်း အတည်ပြုထားတာပါ။ လူမနေတော့တဲ့ ဒုက္ခသည်စခန်းတွေမှာ ဒေသခံတွေ ပြန်လာတာ၊ ဒါမှမဟုတ် အကြမ်းဖက်ဝါဒ ခေါင်းပြန်ထောင်လာတာမျိုး မဖြစ်အောင် တားဆီးဖို့ ရှေ့နှစ်ထဲအထိ တပ်တွေ ဆက်လက်နေရာယူနိုင်အောင် ညွှန်ကြားထားကြောင်းလည်း အစ္စရေး ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
Forum