ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးလ်နဲ့ ပါလက်စတိုင်းအကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဗုဒ္ဓဟူးနေ့မှာ ဆက်ဖြစ်ခဲ့ပါတယ်။ အစ္စရေးလ်လေကြောင်း တိုက်ခိုက်မှုတခုမှာတော့ ဂါဇာမှာရှိတဲ့ Hamas စစ်ခေါင်းဆောင်တဦးရဲ့ ဇနီးနဲ့ မွေးကင်းစ ကလေးငယ် သေဆုံးသွားတာပါ။
မြေထဲပင်လယ်တလျှောက် ပါလက်စတိုင်းနယ်မြေတွင်း ပစ်မှတ် ၉၀ ကျော်ကို ဦးတည်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးလ်က ပြောပါတယ်။ ဒီအထဲမှာ Hamas စစ်ခေါင်းဆောင် Mohammed Deif ရဲ့ နေအိမ်လည်းပါဝင်ပြီး၊ အစ္စရေးလ် လေကြောင်းတိုက်ခိုက်မှုမှာ သူ့နေအိမ် ထိမှန်ခဲ့တာပါ။
ဒါပေမဲ့ Mohammed Deif ကတော့ အသက်ရှင်ကျန်ရစ်ပြီး အသက် ၂၇ နှစ်အရွယ် သူ့ဇနီးနဲ့ ၇ လအရွယ် သားငယ်တို့ သေဆုံးခဲ့တယ်လို့ Hamas အဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီ အသုဘမှာတော့ လူထောင်ဂဏန်း တက်ရောက်ခဲ့ကြပြီး၊ လက်တုံ့ပြန်မယ်ဆိုပြီး ကြွေးကြော်အော်ဟစ်ခဲ့ကြပါတယ်။
ရုပ်အလောင်းတွေကို အစိမ်းရောင် Hamas အလံနဲ့ လွှမ်းခြုံထားပြီး၊ ဝတ်ပြုဗလီတခုကနေ Jabliya က ဒုက္ခသည်စခန်းတခုမှာ သင်္ချိုင်းကို ပို့ဆောင်ခဲ့ကြပါတယ်။ အဲဒီ စစ်ခေါင်းဆောင် Deif ဟာ လူသတ်တရားခံဖြစ်ပြီး၊ အစ္စရေးလ်အနေနဲ့ သူ့ကို သတ်ဖြတ်နိုင်ဖို့ ပစ်မှတ်ထားသွားရမယ်ဆိုပြီး အစ္စရေးလ် ပြည်ထဲရေးဝန်ကြီး Gideon Saar က ပြောခဲ့ဖူးပါတယ်။
အစ္စရေးလ်နိုင်ငံသားတွေအတွက် တည်ငြိမ်အေးချမ်း လုံခြုံမှု စိတ်ချရတဲ့အထိ ဂါဇာကို ထိုးစစ်ဆင်သွားမယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် Netanyahu ကလည်း ပြောထားပါတယ်။