သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး ပစ်ခတ်မှုကြောင့် ဆီးရီးယား ဆန္ဒပြသမား ၂၀ သေဆုံး


အစ္စရေး ပစ်ခတ်မှုကြောင့် ဆီးရီးယား ဆန္ဒပြသမား ၂၀ သေဆုံး
အစ္စရေး ပစ်ခတ်မှုကြောင့် ဆီးရီးယား ဆန္ဒပြသမား ၂၀ သေဆုံး

အစ္စရေးတို့ ထိန်းချုပ်ထားတဲ့ ဂိုလန်ကုန်းမြင့် ဒေသနဲ့ ဆီးရီးယား နယ်ခြားမှာ တားဆီးထားတဲ့ သံဆူးကြိုးတွေကို ကျော်ဖြတ်ဖို့ ကြိုးစားကြတဲ့ ရာနဲ့ချီတဲ့ ပါလက်စတိုင်း လိုလားသူ ဆန္ဒပြသူတွေကို အစ္စရေး စစ်သားတွေက ပစ်ခတ်ခဲ့ပါတယ်။

အမျိုးသမီး ၁ ယောက်နဲ့ ကလေး ၁ ယောက် အပါအဝင် လူ ၂၀ သေဆုံးပြီး ၃၂၅ ယောက်ကျော် ဒဏ်ရာရတယ်လို့ ဆီးရီးယား အစိုးရ သတင်းမီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။

ဆီးရီးယားဆေးရုံ တာဝန်ရှိသူတွေကလည်း သေဆုံးသူ စာရင်းကို ထုတ်ပြန်ပြီး သေဆုံးသူ အရေအတွက်ကို အတည်ပြုပါတယ်။

၁၉၆၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ၆ ရက်ကြာ အရှေ့အလယ်ပိုင်း စစ်ပွဲ ၄၄ နှစ်မြောက် နှစ်ပတ်လည် အဖြစ်နဲ့ ဆန္ဒပြကြတာ ဖြစ်ပါတယ်။ အဲဒီစစ်ပွဲမှာ အစ္စရေးတို့က ဆီးရီးယားဘက်က ဂိုလန်ကုန်းမြင့်ကို သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။

ညနေပိုင်းမှာတော့ ဆန္ဒပြ လူအုပ်ဟာ ၁,၀၀၀ ကျော်အထိ များလာပြီး အဝေးမှာရှိတဲ့ အစ္စရေး စစ်သားတွေရှေ့မှာ ဆုတောင်း ကြွေးကြော်မှုတွေ လုပ်ခဲ့ကြပါတယ်။

အစ္စရေး စစ်သားတွေက နှုတ်အားဖြင့်ရော မိုးပေါ်ထောင် ပစ်ပြီးတော့ပါ အကြိမ်ကြိမ် သတိပေးနေတဲ့ကြားက ဆီးရီးယားတွေဟာ နယ်စပ်ဘက်ကို ကပ်လာကြတဲ့အတွက် တခြားရွေးစရာ မရှိတော့ဘဲ ဆန္ဒပြသူတွေရဲ့ ခြေထောက်တွေကို ပစ်ခတ်ခဲ့ရတာ ဖြစ်တယ်လို့ အစ္စရေးစစ်တပ် ပြောခွင့်ရသူက ပြောပါတယ်။

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဒေသက စစ်ဆေးရေးဂိတ် တခုမှာ ရာနဲ့ချီတဲ့ ပါလက်စတိုင်း လူငယ်တွေနဲ့ အစ္စရေး စစ်သားတွေ ပဋိပက္ခဖြစ်ပြီး အစ္စရေး စစ်သားတွေဘက်က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။

အကြမ်းဖက်မှုတွေ မဖြစ်ခင်ကတော့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နက်တန်ယာဟု (Benjamin Netanyahu) က အစ္စရေးတပ်တွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့၊ ဒါပေမဲ့ နယ်စပ်ကိုတော့ ဖြတ်ကျော်မခံရအောင် ပြတ်ပြတ်သားသား လုပ်ကြဖို့ အမိန့်ပေးထားတယ်လို့ ပြောပါတယ်။

XS
SM
MD
LG