သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာနဲ့ လက်ဘနွန်မှာ အစ္စရေး ဆက်လက် ထိုးစစ်ဆင်


Israeli army vehicles arrive to an staging area after combat in the Gaza Strip in southern Israel, Dec. 30, 2023.
Israeli army vehicles arrive to an staging area after combat in the Gaza Strip in southern Israel, Dec. 30, 2023.

အစ္စရေးက ဂါဇာဒေသအတွင်း နေရာတချို့ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ဆက်လက်ထိုးစစ်ဆင်နေပါတယ်။ ဂါဇာက ဟာမတ်စ်တွေကို လအတော်ကြာ ဆက်လက်ချေမှုန်းသွားဖို့လိုမယ်လို့လည်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က စနေနေ့တုန်းက ပြောထားတာပါ။

အစ္စရေးထိုးစစ်ကြောင့် ဂါဇာက အရပ်သားသေဆုံးမှုနှုန်း များလာပြီး၊ အိုးအိမ် စွန့်ခါထွက်ပြေးကြသူတွေအတွက် အစားအစာ ရှားပါးလာတာကြောင့် အပစ်အခတ် ရပ်ကြဖို့ နိုင်ငံတကာက တိုက်တွန်းနေကြချိန်မှာပဲ အစ္စရေးက ဆက်လက်ထိုးစစ်ဆင်နေတာပါ။

အောက်တိုဘာ ၇ ရက်နေ့က ဟာမတ်စ်တွေ အစ္စရေးကို ဝင်ရောက် စီးနင်း တိုက်ခိုက်ပြီးချိန်နောက်ပိုင်း အစ္စရေးရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း အရပ်သား ၂၁၆၀၀ ကျော် သေဆုံးခဲ့ပြီးပြီလို့ ဂါဇာ ကျန်းမာရေးဌာနက ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း သေဆုံးသူတွေ အရေအတွက်ဟာ အရပ်သားတွေလား၊ စစ်သွေးကြွတွေလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောမထားပါဘူး။

သေဆုံးသူ ၇၀ ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေအတွင်း သေဆုံးသူ အစ္စရေးတပ်ဖွဲ့ဝင် အရေအတွက်လည်း ၁၇၀ အထိ တိုးလာပါတယ်။ အောက်တိုဘာ ၇ ရက်နေ့က ဟာမတ်စ် စီးနင်းမှုအတွင်း အစ္စရေး ၁၂၀၀ လောက် သတ်ဖြတ်ခံခဲ့ရပြီး ဓါးစာခံ ၂၄၀ လောက်ကို ဖမ်းဆီးသွားတာပါ။

ဒါပေမဲ့လည်း အခုအခါ တချို့ကို အကျဉ်းသားလဲလှယ်တဲ့အစီအစဉ်နဲ့ ပြန်လွှတ်ပေးပြီး ဖြစ်တာကြောင့် ဂါဇာမှာ အစ္စရေး ဓါးစာခံ ၁၂၀ ကျော်သာ ကျန်ပါတော့တယ်။ စစ်ပွဲကြောင့် ဂါဇာက ဒေသခံ လူဦးရေ ၈၅ ရာခိုင်နှုန်းကျော်၊ ၂ သန်းခွဲနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး အစ္စရေးဘက်က သတ်မှတ်ထားတဲ့ နေရာတွေမှာ ပြောင်းရွှေ့နေထိုင်နေကြတာပါ။

ဒီကနေ့မှာပဲ လက်ဘနွန်တောင်ပိုင်းက ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေရဲ့ စစ်ဘက် အဆောက်အဦးတွေကို ဂျက် တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်နှိမ်နင်းခဲ့တယ်လို့ အစ္စရေးစစ်ဘက်က ပြောပါတယ်။ ဟစ်ဇ်ဘိုလာတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၇၀၁ ကို ချိုးဖေါက်ပြီး အစ္စရေးကို တိုက်ခိုက်တာကြောင့် နယ်စပ်လုံခြုံရေးအတွက် အစ္စရေးဘက်က ဆက်ပြီး ခုခံကာကွယ် တိုက်ခိုက်သွားမယ်လို့ အစ္စရေးစစ်ဖက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG