ဂါဇာကမ်းမြောင်ဒေသမှာ တနင်္ဂနွေနေ့ မနက် ဒေသစံတော်ချိန်မနက် ၈ နာရီခွဲမှာ စတင်အသက်ဝင်မယ့် အပစ်ရပ် သဘောတူညီချက်အရ အစ္စရေးဓားစာခံတချို့ စတင်လွတ်လာတော့မယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။
Hamas အဖွဲ့နဲ့ သဘောတူခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို အစ္စရေးဝန်ကြီးအဖွဲ့က ဒီနေ့စနေနေ့မှာ အတည်ပြုလိုက်တဲ့အတွက် အဆင့် ၃ ဆင့်ပါ သဘောတူညီချက် အသက်ဝင်လာတော့မှာ ဖြစ်ပါတယ်။ ပထမအဆင့်အဖြစ် စတင်မယ့် သဘောတူညီချက်အရ နက်ဖြန်ကစပြီး သီတင်း ၆ ပတ် ၂ ဘက် လုံးဝအပစ်ရပ်ထားရမှာဖြစ်ပြီး၊ Hamas ဘက်က ၄၂ ရက်အတွင်း အစ္စရေး ဓားစာခံ ၃၃ ယောက်ကို ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။ အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဉ်းသား ၂၀၀၀ နီးပါး ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ကစပြီး အစ္စရေးတွေ ပြန်လွတ်လာမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် Benjamin Netanyahu ရုံးက ဒီနေ့ စနေနေ့မှာ ထုတ်ပြန်ပါတယ်။
သဘောတူညီချက် ပထမအဆင့်မှာ အစ္စရေးစစ်တပ်တွေအနေနဲ့ ဂါဇာနယ်စပ်တွေဘက်ကို ဆုတ်ခွာပေးရမှာ ဖြစ်တာကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေ နေရပ်ပြန်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂါဇာဒေသက ပါလက်စတိုင်းအရပ်သားတွေအတွက် အစားအစာနဲ့ အကူအညီတွေကို ၁ ရက်ကို ကုန်တင်ကား အစီး ၆၀၀ လောက် ပို့ပေးခွင့်ရမှာ ဖြစ်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သောကြာနေ့က ပြောဆိုခဲ့ပါတယ်။
၂၀၂၃ အောက်တိုဘာ ၇ ရက်က အစ္စရေးဒေသတွေထဲ Hamas စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဖမ်းဆီးသွားတဲ့ ဓားစာခံ ၂၅၀ လောက်မှာ ကျန်တဲ့ ၉၈ ယောက် ပြန်လွတ်လာမယ့်အရေး မိသားစုတွေ မျှော်လင့်တကြီး စောင့်နေကြပါတယ်။ အခု အပစ်ရပ်ရေး သဘောတူညီချက်ဟာ အဲဒီအချိန်ထဲက စပြီး ၁၅ လကြာ ဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ Hamas အဖွဲ့ကြား စစ်ပွဲတွေ အဆုံးသပ်နိုင်မယ့် လမ်းစ ဖြစ်ပါတယ်။
Forum