သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီမိုးသက်လေပြင်း လူ ၁၇ ဦးသေဆုံး


အီတလီ မိုးသက်မုန်တိုင်းကြောင့် ကျိုးပျက်သွားတဲ့ အဝေးပြေးလမ်းမကြီး
အီတလီ မိုးသက်မုန်တိုင်းကြောင့် ကျိုးပျက်သွားတဲ့ အဝေးပြေးလမ်းမကြီး

အီတလီနိုင်ငံမှာ လေပြင်းမုန်တိုင်းကျပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် သေဆုံးရသူ စုစုပေါင်း ၁၇ ဦး ရှိသွားပါပြီ။

သောကြာနေ့က Sardinia ကျွန်းမှာ မိုးကြိုးပစ်ခဲ့တဲ့အတွက် ဂျာမဏီနိုင်ငံသား ဧည့်ခရီးသွား တဦး သေဆုံးခဲ့ရသလို အဲဒီမတိုင်ခင်ကလည်း မိုးကြိုးပစ်လို့ ဆေးရုံတင်ထားရသူ နောက်တဦး သေဆုံးခဲ့ရတယ်လို့ အီတလီ အရပ်ဖက် ကာကွယ်ရေး အေဂျင်စီက စနေနေ့က ပြောပါတယ်။

အခု နောက်ထပ် ၂ ဦးသေဆုံးခဲ့ရတဲ့အတွက် အီတလီမှာ ဆိုးဝါးတဲ့ ရာသီဥတုကြောင့် သေဆုံးရသူ စုစုပေါင်း ၁၇ ဦး ရှိသွားပြီလို့ အေဂျင်စီရဲ့ ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

အခုချိန်အထိ သေဆုံးခဲ့သူ အများစုဟာ လေပြင်းမုန်တိုင်းကြောင့် သစ်ပင်တွေ လဲပြိုရာကနေ သေဆုံးခဲ့ရတာပါ။ အီတလီ စိုက်ပျိုးရေးကုမ္ပဏီများ ဆိုင်ရာ အဖွဲ့အစည်း က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ မိုးသက်လေပြင်း ကျရောက်လို့ ပျက်စီးခဲ့ရတဲ့ သစ်ပင်ပေါင်း ၁၄ သန်း လောက် ရှိနေပြီး အများစုဟာ အီတလီ မြောက်ပိုင်းက ဖြစ်ကြောင်း ပြောပါတယ်။

အခု ပျက်စီးသွားတဲ့ အပင်တွေ နဂိုအတိုင်း ပြန်ရဖို့ အနှစ် တရာလောက် ပြန်စိုက်ပျိုးယူရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အီတလီ အရှေ့မြောက်ပိုင်းကနေ အနောက်တောင်ပိုင်းက Sicily ကျွန်းအထိ မိုးသက်လေပြင်းဒဏ် ကိုခံခဲ့ရတာ ဖြစ်ပြီး အဆိုးဆုံးက အီတလီ မြောက်ပိုင်းက Trentino နဲ့ Veneto ဒေသတွေနဲ့ Venice တဝိုက်က ဖြစ်ပါတယ်။ အဲဒီဒေသတွေက ကျေးရွာတွေ နဲ့ လမ်းတွေလည်းပျက်စီး ပြီး အသွားအလာတွေ ပြတ်တောက်ကုန်ပါတယ်။

Venice မှာ ရှိတဲ့ ပန်းခြံတွေ ရင်ပြင်နဲ့ လူသွားလမ်း အများအပြားဟာလည်း ရေတွေလွှမ်းနေပါတယ်။ Veneto မြို့တော်ဝန် Luca Zaia ကတော့ အခု မုန်တိုင်းဒဏ်ခံရလို့ ပျက်စီးမှုဟာ အနဲဆုံး ယူရိုငွေ တစ်ဘီလျံတန်ဖိုးလောက် ရှိမယ်လို့ ပြောပါတယ်။ မိုးသက်လေပြင်း ကျချိန်က လေတိုက်နှုန်းက တနာရီကို မိုင် ၁၁၂ မိုင် အထိ တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG