သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေထဲပင်လယ် လှေစီးပြေးဒုက္ခသည် ၄,၀၀၀ အီတလီကယ်တင်


ပြီးခဲ့တဲ့ ၂ ရက်အတွင်း မြေထဲပင်လယ်ထဲမှာ လှေစီးပြီးလာကြတဲ့
ရွှေ့ပြောင်းအလုပ်သမား ၄,၀၀၀ ကို ကယ်ဆယ်ခဲ့ရတယ်လို့ အီတလီနိုင်ငံက ပြောဆိုလိုက်ပြီး ရွှေ့ပြောင်း အလုပ်သမားတွေအရေးနဲ့ ပတ်သက်လို့ ဥရောပနိုင်ငံတွေ အနေနဲ့ ကူညီလုပ်ဆောင်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ လှေတွေ အမြဲမပြတ် ရောက်ရှိလာနေပြီး အခြေအနေဟာ ပိုပြီး ဆိုးရွားလာနေတယ်လို့ ပြည်ထဲရေးဝန်ကြီး Angelino Alfano က အီတလီ အစိုးရရုပ်မြင်သံကြားမှာ ဒီကနေ့ ပြောသွားပါတယ်။ ဥရောပသမဂ္ဂ အနေနဲ့ ပင်လယ်ပြင်မှာ စောင့်ကြပ်မှုတွေ ပိုလုပ်ဖို့ သူက တောင်းဆိုလိုက်ပြီး ဒီကိစ္စ ဟန့်တားနိုင်ဖို့အတွက် ဒေါ်လာ သန်း ထောင်ချီ အကုန်အကျခံ ဆောင်ရွက်မှုတွေဟာ ခုချိန်ထိတော့ အောင်မြင်မှု မရှိသေးဘူးလို့လည်း ပြောသွားပါတယ်။

မြောက်အာဖရိက နိုင်ငံတွေကနေ ပင်လယ်ဖြတ်ပြီး သက်စွန့်ဆံဖျား ဒီခရီးကို စီစဉ်ခဲ့သူတွေကိုလည်း မစ္စတာ Alfano က ပြစ်တင်လိုက်ပါတယ်။ အာဖရိက ဒေသတွေတွင်း စစ်ပွဲတွေ၊ ဆင်းရဲမွဲတေမှုနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကနေ လွတ်မြောက်ဖို့အတွက် အာဖရိကနိုင်ငံတွေက လူထောင်ပေါင်းများစွာဟာ အီတလီကျွန်းတွေကနေတဆင့် သူတို့ရဲ့ အသက်တွေကို စွန့်ပြီး ဥရောပကို နှစ်စဉ် ဝင်ရောက် လာနေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG