သုံးရလွယ်ကူစေသည့် Link များ

မြေထဲပင်လယ်ကိုဖြတ်ပြီး ဥရောပမှာ ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးစားသူတွေရဲ့ အခြေအနေ ဆိုးရွားလာနေတဲ့အပေါ်မှာ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ပြည်ထဲရေးဝန်ကြီးတွေ Luxembourg မြို့မှာ တွေ့ဆုံပြီး ပူးတွဲအစည်းအဝေးတရပ် ကျင်းပနေပါတယ်။

ရွှေ့ပြောင်းနေထိုင်သူ ၁၀၀ လောက်ကို တင်ဆောင်လာတဲ့ သင်္ဘောတစီး လစ်ဗျားကမ်းရိုးတန်းမှာ တိမ်းမှောက်ခဲ့တာကြောင့် ပျောက်ဆုံးသူတွေကို ရှာဖွေနိုင်ဖို့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အီတလီနိုင်ငံက မြေထဲပင်လယ်ထဲမှာ အပြင်းအထန် ဆက်လက် ဆောင်ရွက်နေချိန်မှာ အခုအစည်းအဝေးကို ကျင်းပတာပါ။

တူရကီကနေ ဥရောပနိုင်ငံတွေဆီ သွားရောက်မယ့် ဒီသင်္ဘောပေါ်မှာ ဆီးရီးယားဒုက္ခသည် ၉၈ ဦး လိုက်ပါလာပြီး အဲဒီမှာ ကလေးငယ်က ၁၃ ဦး ပါဝင်ပါတယ်။ ဥရောပမှာ ပိုမိုကောင်းမွန်တဲ့ ဘ၀တည်ဆောက်နိုင်ဖို့အတွက် အရပ်ဒေသမျိုးစုံကနေ ရွှေ့ပြောင်းလာကြသူတွေ ဥရောပကို လာဖို့ ကြိုးစားကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကော်မရှင်မင်းကြီးရုံးက ပြောခွင့်ရသူ Carlotta Sami က ပြောပါတယ်။

လူ ၇၀၀ လောက်ပါတဲ့ သင်္ဘောတစီးကလည်း လစ်ဗျားကမ်းရိုးတန်းမှာ တိမ်းမှောက်ခဲ့ပြီး လိုက်ပါလာသူတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေရပါတယ်။ တနင်္ဂနွေနေ့ ညပိုင်းက အီတလီနိုင်ငံ Lampedusa ကျွန်းတောင်ဘက် ၁၂၄ မိုင်အကွာလောက်မှာ လူ ၂၈ ယောက်ကို ပြန်လည် ကယ်တင်နိုင်ခဲ့ပြီး အလောင်း ၂၄ လောင်းကိုလည်း ရှာတွေ့ခဲ့ပါတယ်။ သင်္ဘောပေါ်မှာ လိုက်ပါလာသူ အများစုဟာ ၆၅ ပေ အရှည်ရှိတဲ့ တိမ်းမှောက် သင်္ဘောတွင်းမှာပဲ ပင်လယ်ကြမ်းပြင်အောက်မှာ ပိတ်မိနေပုံရတယ်လို့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ပြောပါတယ်။

အခုတကြိမ်နဲ့ပါဆိုရင် ၂၀၁၅ ခုနှစ်တွင်း အခုလို သင်္ဘောတိမ်းမှောက်မှုတွေကြောင့် သေဆုံးသူ ၁၅၀၀ အထိ ရှိပါတယ်။ လာမယ့်လတွေအတွင်း ရာသီဥတု ပိုနွေးလာမယ့်အပြင် အာဖရိကနဲ့ တခြား ပဋိပက္ခ ဒေသတွေကနေ တည်ငြိမ်ပြီး သာယာဝပြောမှုရှိတဲ့ ဥရောပကို ထွက်ခွာချင်ကြတဲ့ ဒုက္ခသည်တွေ များပြားတာကြောင့် မြေထဲပင်လယ်တွင်း လူမှောင်ခိုကူးမှုတွေရဲ့ အခြေအနေ ပိုဆိုးလာနိုင်ဖွယ် ရှိတယ်လို့ သုံးသပ်ကြပါတယ်။

XS
SM
MD
LG