သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား လှေစီးပြေးဒုက္ခသည်တွေ အီတလီကယ်ဆယ်


လစ်ဗျားကမ်းခြေက ရေမိုင် ၄၀ အကွာက ဒုက္ခသည်တွေကို အီတလီ ရေတပ်က ကယ်ဆယ်စဉ်။ (ဂျွန် ၁၄၊ ၂၀၁၄)
လစ်ဗျားကမ်းခြေက ရေမိုင် ၄၀ အကွာက ဒုက္ခသည်တွေကို အီတလီ ရေတပ်က ကယ်ဆယ်စဉ်။ (ဂျွန် ၁၄၊ ၂၀၁၄)
ဆီးရီးယား ရွှေ့ပြောင်းဝင်ရောက်သူ ၃၀၀ လောက်ပါတဲ့ ငါးဖမ်းသဘောၤတစီး မြေထဲပင်လယ်ပြင်မှာ မျောနေတာတွေ့ရလို့ ကယ်တင်ခဲ့ရကြောင်း အီတလီ ကမ်းခြေစောင့်တပ်က ပြောပါတယ်။ အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးငယ် စုစုပေါင်း ၂၈၁ ယောက်တို့ကို စနေနေ့က သူတို့ စီးနင်းလာတဲ့ သဘောၤပေါ်ကနေ ကယ်ဆယ်လိုက်တာ ဖြစ်ပါတယ်။ လိုက်ပါလာသူတချို့က ကျန်းမာရေး ချို့တဲ့နေကြတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က လန်ပီဒူဆာ ကျွန်းအနီးမှာ ခိုလှုံခွင့်ရရေး ထွက်ပြေးလာကြသူတွေရဲ့ သဘောၤတစင်းမှောက်ခဲ့လို့ အနည်းဆုံး လူ ၃၅၉ ယောက်တို့ သေဆုံးခဲ့ရပြီးနောက်ပိုင်းမှာ အီတလီအစိုးရက ဒီရွှေ့ပြောင်းအခြေချသူတွေကို ကင်းလှည့်စောင့်ကြည့်ရေး တိုးမြှင့်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ပွဲတွေ၊ ဆင်းရဲမွဲတေမှုနဲ့ နိုင်ငံရေး အကြပ်အတည်းတို့ကနေ လွတ်မြောက်ရေး အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသက ရွှေ့ပြောင်းအခြေချသူတွေ ဥရောပကို ဝင်ရောက်ဖို့ရာမှာ အီတလီက အဓိက ဝင်ပေါက်လမ်းဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ရောက်ရှိလာကြတဲ့ များလှစွာသော ရွှေ့ပြောင်းအခြေချသူတွေ အရေး အီတလီနိုင်ငံဟာ အကြပ်ရိုက်နေရပါတယ်။

ဒီနှစ် ပထမ ၅ လ အတွင်းမှာပဲ မြေထဲပင်လယ်ပြင်ကို စွန့်စွန့်စားစား ဖြတ်ကူးလာတဲ့ ရွှေ့ပြောင်းအခြေချ ၄ သောင်းကျော် ရှိနေပြီး ဒီပမာဏဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် တနှစ်စာလောက်ရှိနေပြီလို့ ဒီလ အစောပိုင်းတုန်းကပဲ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ အဖွဲ့အစည်း IOM က ဒီလ အစောပိုင်းတုန်းကပဲ ပြောဆိုခဲ့တာပါ။ အီတလီနိုင်ငံကလည်း မြေထဲပင်လယ်ပြင်အတွင်းမှာ ကင်းလှည့်နိုင်ဖို့ ရဲတပ်သား အကူအညီပိုပေးရေး ဥရောပ သမဂ္ဂကို တောင်းဆိုနေပါတယ်။
XS
SM
MD
LG