သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရောမဗုံးခွဲမှု မင်းမဲ့ဝါဒီများ လက်ချက်


ရောမဗုံးခွဲမှု မင်းမဲ့ဝါဒီများ လက်ချက်
ရောမဗုံးခွဲမှု မင်းမဲ့ဝါဒီများ လက်ချက်

လူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့ အီတလီနိုင်ငံ ရောမမြို့က ဆွစ်နဲ့ ချီလီသံရုံးတွေကို ပါဆယ်ဗုံးတွေနဲ့ ကြာသပတေးနေ့က ဖောက်ခွဲ တိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်တယ်ဆိုပြီး မင်းမဲ့ဝါဒီ အုပ်စုတစုက ပြောဆိုလိုက်ပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာတခုမှာ သူတို့လက်ချက်အဖြစ် ဖော်ပြထားတဲ့ စာတစောင်ကို ရဲတွေက တွေ့ရှိခဲ့တယ်လို့ အီတလီ သတင်းဌာန ANSA က ပြောဆိုခဲ့တာပါ။ ဒီအဖွဲ့ကို Informal Anarchic Federation လို့ ခေါ်တယ်လို့လည်း သတင်းက ဆိုပါတယ်။

သူတို့ထားခဲ့တဲ့ စာထဲမှာတော့ သူတို့ရဲ့ ပြောထားတာတွေကို လက်တွေ့လုပ်ရပ်တွေနဲ့ အတူ ကြားသိရအောင် လုပ်ဖို့ ဆုံးဖြတ် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြခဲ့တာပါ။ ဒီသတင်းကိုတော့ အီတလီ အာဏာပိုင်တွေက အတည်မပြုသေးပါဘူး။

အစောပိုင်းမှာတော့ စပိန်နဲ့ ဂရိနိုင်ငံတွေမှာရှိတဲ့ အကြမ်းဖက် မင်းမဲ့ဝါဒီ အုပ်စုတွေနဲ့ ပတ်သက်သူ တချို့ဟာ အခု ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ဆက်စပ်နေပုံ ရတယ်လို့ အီတလီ ပြည်ထဲရေးဝန်ကြီး ရောဘတ်တို မာရိုနီ (Roberto Maroni) က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အီတလီ နိုင်ငံခြားရေးဝန်ကြီး ဖရန်ကို ဖရတ်တီနီ (Franco Frattini) ကလည်း တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပါတယ်။

ရောမမြို့က တိုက်ခိုက်မှုတွေဟာ နိုဝင်ဘာလ အစောပိုင်းမှာတုန်းက အနောက်နိုင်ငံ ခေါင်းဆောင်တွေနဲ့ သံရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ ပါဆယ်ဗုံးတွေနဲ့လည်း ပုံစံဆင်နေတာ ဖြစ်ပါတယ်။ အဲဒီတုန်းက တိုက်ခိုက်မှုတွေ အတွင်းမှာတော့ လူတယောက် ထိခိုက်ဒဏ်ရာ ရခဲ့တာပါ။

ဆွီဒင်နိုင်ငံ စတော့ခ်ဟုမ်းမြို့က အသေခံ ဗုံးခွဲတိုက်ခိုက်မှုနဲ့ ဗြိတိန်နိုင်ငံမှာ အကြမ်းဖက်သမားလို့ သံသယရှိသူ ၁၂ ယောက်ကို ဒီတပတ်အတွင်း ဖမ်းဆီးမှုတွေ ရှိခဲ့ပြီးတဲ့နောက် ဥရောပတလွှား အားလပ်ရက် ကာလမှာ အကြမ်းဖက်မှုတွေ ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ တိုးပွားလာနေချိန်မှာ အခုတိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG