သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နယ်ခြားစောင့်တပ် ရဲမှူးကြီး မျိုးဆွေနဲ့ တွေ့ဆုံမေးမြန်းမှု


ဗွီအိုအေမြန်မာပိုင်း ဌါနမှုး ဦးသန်းလွင်ထွန်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဒုတိယ ကွပ်ကဲရေးမှူး ရဲမှူးကြီးမျိုးဆွေ ကို မေးမြန်း။
ဗွီအိုအေမြန်မာပိုင်း ဌါနမှုး ဦးသန်းလွင်ထွန်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဒုတိယ ကွပ်ကဲရေးမှူး ရဲမှူးကြီးမျိုးဆွေ ကို မေးမြန်း။

ဘင်္ဂလားဒေ့ရှ်နယ်စပ် တလျှောက် လုံခြုံရေးအစီအမံတွေကို အထူးတင်းကြပ် ထားတာမို့ လှေစီး ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံက ဆိုတာ ဖြစ်နိုင်ခြေ အလွန်နည်းပါးတယ်လို့ ရခိုင်ပြည်နယ်မှာ ပထမဆုံး ဖွဲ့စည်းတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဒုတိယ ကွပ်ကဲရေးမှူး ရဲမှူးကြီးမျိုးဆွေက ဗွီအိုအေ ကို ပြောပါတယ်။ ရခိုင်ပြည်နယ်ကို သွားရောက် သတင်းယူနေတဲ့ ဗွီအိုအေမြန်မာပိုင်း ဌါနမှုး ဦးသန်းလွင်ထွန်းဟာ ရဲမှူးကြီးမျိုးဆွေကို တွေ့ဆုံပြီးတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် တလျှောက် တရားမဝင် အဝင်အထွက်တွေကို တားဆီး စိစစ်နေတဲ့ နယ်စပ်လုံခြုံရေး အစီအမံတွေကို မေးမြန်းထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ရဲမှူးကြီးခင်ဗျာ အခု ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနယ်စပ် မှာပေါ့နော် မြန်မာဖက်မှာ တည်ဆောက် ထားတဲ့ ခြံစည်းရိုးရဲ့ သဘောသဘာဝနဲ့ အရှည်လေးကို တချက်လေးလောက်ရှင်းပြပေးပါလား။

ရဲမှူးကြီးမျိုးဆွေ ။ ။ ဟုတ်ကဲ့ ကျနော်တို့နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ က ရေပြင် ဆက်စပ်မှု အနေနဲ့ က နတ်မြစ်တလျှောက်က ၃၉ မိုင်ကျော်ရှိပါတယ်။ အဲဒီ ၃၉မိုင်ကျော်မှာ ကျနော်တို့ ခြံစည်းရိုး အားလုံးခတ်ပြီးဖြစ်ပါတယ်။ အဲဒီရဲ့ ခြံစည်းရိုး ခတ်လို့ မရတဲ့ ချောင်းပေါက်ဝတွေမှာတော့ ကင်းပုန်းတွေနဲ့ စီစစ်ပြီးတော့မှ အဝင်အထွက်တွေ ကို စစ်ဆေးလျှက် ရှိပါတယ်ခင်ဗျ။

ဦးသန်းလွင်ထွန်း။ ။ ဒီခြံစည်းရိုးတလျှောက်မှာ အခုလို အခိုင်အမာပေါ့နော် သံဆူးကြိုးတွေ ကာထားတဲ့အပြင်ကို တခြား ဘယ်လို ပုံမှန် ကင်းလှည့်မှုတွေရှိတယ် ဆိုတာ တချက်လောက် ရှင်းပြပေးပါဦး။

ရဲမှူး ကြီးမျိုးဆွေ ။ ။ ဟုတ်ကဲ့ ကျနော်တို့ ခြံစည်းရိုးတလျှောက်မှာတော့ ယာဉ်တင် လှည့်ကင်းလည်း ရှိပါတယ်။ ဆိုင်ကယ်နဲ့ လှည့်တာလည်းရှိပါတယ်။ ခြေလျင် လှည့်ကင်းလည်း ရှိပါတယ်။ ညအချိန်မှာတော့ ကင်းပုန်းဝပ်တာတို့ လှည့်ကင်းတွေနဲ့ ကျနော်တို့ စိုးမိုးပြီးတော့မှ အပြတ်စိုးမိုးပြီးတော့မှ တခုနဲ့တခု တဖွဲ့နဲ့ တဖွဲ့ချိတ်ဆက်ပြီးတော့မှ ဆောင်ရွက်လျှက်ရှိပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အခုဒီရက်ပိုင်းတွေမှာ အပြောများနေတဲ့ ကိစ္စ အဲဒါကတော့ မလေးရှား ဒါမှမဟုတ် ထိုင်းနိုင်ငံရေပိုင်နက်တွေ အတွင်းမှာ မြန်မာဖက် ကနေပြီးတော့ ထွက်လာတဲ့ ခိုးသင်္ဘောတွေ နဲ့ လူမှောင်ခိုသင်္ဘောတွေ ဆိုပြီးတော့ မိတယ်။ ဒါမှမဟုတ် ပင်လယ်ထဲမှာ မျောနေတယ်ဆိုပြီးတော့ မျောနေတဲ့လူတွေ ၇ ထောင်ကျော်လောက် မျောနေတယ်ဆိုပြီး သတင်းတွေထွက်ပါတယ်။ ဒီကိစ္စနဲ့ ပါတ်သက်ပြီးတော့ ကျနော်တို့ ရောက်နေရတဲ့ အကြောင်းရင်းကလည်း ဒီ ပင်လယ်မှာမျောနေတဲ့လူတွေဟာ မြန်မာပြည်ဖက်ခြမ်းကနေ ထွက်လာတဲ့သူတွေ ဖြစ်နိုင်သလား ဆိုတာ ကျနော်တို့လေ့လာဖို့ပါ။ အဲဒီတော့ ဒီ ခြံစည်းရိုးတွေခတ်ထားတဲ့ ကြားထဲကနေပြီးတော့ ဗမာပြည်ဖက်က ထွက်လာနိုင်မယ့် အလားအလာ ဘယ်လောက်အထိရှိသလဲခင်ဗျ။

ရဲမှူးကြီးမျိုးဆွေ။ ကျနော်တို့အပိုင်ဖြစ်တဲ့ မောင်းတောခရိုင်အပိုင်းမှာတော့ ထွက်လို့ မရပါဘူး။ ထွက်တာနဲ့တင် ရွာမှာတယောက်လျော့တာနဲ့ တယောက်သိနိုင်တဲ့ဟာမျိုး ကျနော်တို့ ဆောင်ရွက် ထားပါတယ်။ ခုနကပြော သလို ခြံစည်းရိုးတလျှောက်လည်း ပိတ်ဆို့ထားတာဖြစ်တဲ့အတွက် ထွက်လို့မရပါဘူး။ အလားတူပဲ ချောင်းပေါက်တွေ မှာလည်း အဝင်အထွက်တွေကို စစ်ဆေးပြီးတော့မှ စေလွှတ် တာဖြစ်တဲ့ အတွက် စေလွှတ် တာကလည်း ငါးဖမ်းတဲ့ စက်လှေ အသေးလေးတွေပဲဖြစ် ပါတယ်။ ကျနော်တို့ဒီ ဧရိယာ မောင်းတော ခရိုင်ထဲမှာတော့ လုံးဝထွက်တာမရှိပါဘူးခင်ဗျ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီ ခြံစည်းရိုးခတ် ထားတဲ့အချိန်က ဘယ်နှစ်ခုနှစ်လောက်က စလည်း ခင်ဗျ။

ရဲမှူး ကြီးမျိုးဆွေ - လွန်ခဲ့တဲ့ ၃ နှစ်လောက်ကမှ စပြီးတော့မှ အစပြုပြီးတော့မှ ခတ်တာပါ။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့ ဒီခတ်ထားပြီးတဲ့ နောက်ပိုင်းမှာ အဝင်အထွက်နဲ့ ပါတ်သက်လို့ တခြား ထူးထူးခြားခြားဖြစ်စဉ်လေးတွေ ဘာတွေများရှိခဲ့သလဲ။

ရဲမှူး ကြီးမျိုးဆွေ ။ ။ မရှိပါဘူး။ သာမန်မှုခင်းဖြစ်တဲ့ မူးယစ်ဆေးဝါးတို့ ခိုးထုတ်တဲ့ ဟာလေးတွေ ပထရိုလှေတွေကနေ ဖမ်းဆီးရမိတာရှိပါတယ်။ ချောင်းပေါက်ဝတွေမှာ ဒီလိုပဲ ငါးဖမ်းစက်လှေယောင်ဆောင်ပြီးတော့မှာ ထွက်တဲ့ဟာတွေ စီစစ်ရင်းနဲ့ မူးယစ်ဆေးဝါးတို့ ဘာတို့ ဖမ်းမိတာပဲရှိပါတယ်။ ထူးခြားဖြစ်စဉ်များအနေနဲ့ကတော့ ဓားပြတိုက်တဲ့ ကျနော်တို့နိုင်ငံထဲကို ဘင်္ဂလားဒေ့ရှ်ဖက်ကနေပြီးမှ လာပြီးမှ ဓားပြတိုက်တဲ့ဖြစ်စဉ်တွေရှိပါတယ်။ ဒါလည်း ကျနော်တို့ ဖမ်းဆီးပြီးတော့ အရေးယူခဲ့တဲ့ဖြစ်စဉ်တွေပဲရှိပါတယ်။ သီးခြား ကျနော်တို့ဖက်ကနေပြီးတော့ ခုနကပြောသလို လှေစီးဒုက္ခသည်အဖြစ်နဲ့သွားတာ ကျနော်တို့ဆီမှာ မရှိပါဘူး။ ကျနော်တို့လည်း နှစ်စဉ် နှစ်စဉ် ဆွဲတင်စစ် နဲ့ လူဦးရေကို အမြဲတမ်း စစ်ဆေးနေတာဖြစ်တဲ့အတွက် ကျနော်တို့အထဲက လျှော့ သွားတာမရှိပါဘူး။ အလားတူပဲ ဒုက္ခသည်စခန်း ကျနော်တို့ အပိုင်ထဲမှာ ၂ ခုရှိပါတယ်။ ၂ ခုမှာလည်း ကျနော်တို့ ဆွဲတင်စစ် လုပ်ပြီးစာရင်းစစ်လိုက်တဲ့ အခါကျတော့ ၂ ယောက်ပဲ လျှော့ တာရှိပါတယ်။ သေတာ ၁ ယောက် နဲ့ အမှုဖြစ်ပြီး ထွက်ပြေးသွားတဲ့ ၁ ယောက်။ ၂ ယောက်ပဲ လျှော့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ လုံးဝ ကျနော်တို့ဘက်က ကျနော်တို့ မောင်းတော ခရိုင်ထဲမှာ အင်အားလျော့ သွားတာ ထူးထူးခြားခြားလျှော့ သွားတာမျိုး မရှိပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ လူဦးရေအနေအထားအရဆိုရင်ကော နယ်မြေထဲမှာ တိုင်းရင်းသား နဲ့ မူဆလင်တွေခြားထဲမှာ ဘယ်လို အနေအထားမျိုးလောက် ရှိသလဲခင်ဗျ။

ရဲမှူးကြီးမျိုးဆွေ။ ။ ကျနော်တို့ တိုင်းရင်းသားက ဆယ်ရာခိုင်နှုန်းပဲရှိပြီးတော့ မူဆလင်ဦးရေက ၉၀ ရာခိုင်နှုန်းရှိပါတယ်။ ဒီမှာ ဒါဟာ ကျနော်တို့ရဲ့ ဆွဲတင်စစ် အင်အားအရ ကျနော်တို့ အားလုံးပေါင်းမှ တိုင်းရင်းသားက ၁၃ ရာခိုင်နှုန်း ရှိပြီးတော့ ကျန်တာက ၈၇ ရာခိုင်နှုန်းက ဘင်္ဂလီ မူဆလင် တွေဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG