သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲအကြမ်းဖက်ဖြိုခွင်းမှု သပိတ်ကျောင်းသားတဦး အတွေ့အကြုံ


လက်ပံတန်းမြို့က ပင်မကျောင်းသားသပိတ်ကို အစိုးရအာဏာပိုင်တွေက အင်္ဂါနေ့က အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးရမှာ ကျောင်းသားခေါင်းဆောင်အချို့ ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ကျောင်းသားတွေဘက်က ပြောပါတယ်။

သူတို့ကို ဘယ်နေရာမှာ ဖမ်းဆီး ထိန်းသိမ်းထားသလဲဆိုတာ အတိအကျ မသိရသေးပေမဲ့ သာယာဝတီနဲ့ အင်းစိန်ထောင်တွေမှာ အဖမ်းခံရတဲ့ ကျောင်းသားတချို့ ရောက်နေပြီဆိုတဲ့ သတင်းတွေ ထွက်နေတယ်လို့လည်း ဆိုပါတယ်။ ရဲတွေ ရိုက်နှက်ဖမ်းဆီးရာကနေ လွတ်မြောက်လာတဲ့ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေ လည်း ဘေးကင်းရာကို တိမ်းရှောင်နေကြရပါတယ်။

အဲဒီထဲက ဒဂုံတက္ကသိုလ် ကျောင်းသားခေါင်းဆောင်တဦးကို မအင်ကြင်းနိုင် က ဆက်သွယ်မေးမြန်းရာမှာ လက်ပံတန်းမြို့မှာ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရတဲ့အခြေအနေကို သူက အခုလို စပြောပါတယ်။

ဖြေ။ ။ “ကျနော်တို့က ၁၀ နာရီ ၁၀ မိနစ်မှာ ဒီမြို့ကနေ ထွက်ခွင့်ပေးလိုက်ပြီဆိုလို့ ကျနော်တို့က အပြင်ကစောင့်မယ်ဆိုပြီး ကျနော်တို့က အပြင်ရောက်နေတာခင်ဗျ။ နောက်ကျတော့ ထွက်ခွင့်မပေးတော့ဘူးဆိုတော့ ကျနော်တို့က ဘေးမှာရှိတဲ့ ပြည်သူတွေနဲ့ပေါင်းပြီး ကျနော်တို့က တိုးတယ်။ အရှေ့ဘက်ခြမ်း တံတားဘက်မှာပေါ့ ကျနော်တို့က ပထမစတိုးတယ်။ အဲ့ဒီတံတားဘက်ခြမ်းကို တိုးပြီးတော့ ဟိုးဘက် အနောက်ဘက်ခြမ်းကတခုကို ကျနော်တို့ တရားဟောနေတဲ့အချိန်မှာ အရှေ့ဘက်ခြမ်းက ကျောင်းသား ရဲဘော်နှစ်ယောက်ရယ်၊ ပြည်သူ ၄ ယောက်ရယ် စုစုပေါင်း ၆ ယောက်ကို ဖမ်းခေါ်သွားတယ်ဗျ အချုပ်ကားနဲ့။ အဲ့ဒီအချိန် ကျနော်တို့လည်း ဘေးက အန်တီကြီးတယောက်က ဆွဲခေါ်သွားလို့ ကျနော်တို့လည်း လွတ်လာတာခင်ဗျ။”

မေး။ ။ အဲ့ဒီအခြေအနေက ပထမဆုံး နယ်လုံဝန်ကြီးနဲ့ ဆွေးနွေးတဲ့အချိန်မှာ အတားအဆီးတွေကို ဖယ်ပေးလိုက်မယ်၊ ကျောင်းသားတွေကို ခွင့်ပြုပြီး ရန်ကုန်အထိ သွားဖို့ဆိုတော့ အဲ့လိုဖြစ်ခဲ့ပြီးမှ အကြမ်းဖက် ဖြိုခွင်းတဲ့အခြေအနေက ဘယ်လိုဘယ်လို ဖြစ်သွားရတာလဲရှင့်။

ဖြေ။ ။ “ဒီလိုဗျ သူတို့က ကျနော်တို့တောင်းဆိုတဲ့ အချက် ၈ ချက်ထဲမှာပါတာက အလံထောင်ပြီးတော့မှ သွားမယ်ပေါ့။ သီချင်းဖွင့်သွားမယ်။ ကားကိုလည်း ကျနော်တို့က ပုံမှန်ပဲပေါ့ ဖြည်းဖြည်းမောင်းမယ်ပေါ့ အဲ့ဒီဟာကို နယ်လုံဝန်ကြီးက သဘောတူပြီးတော့မှ နောက် ပြန်တခေါက်ရောက်လာတာက အလံလည်း ထောင်လို့မရဘူး။ သီချင်းလည်းဖွင့်လို့မရဘူး။ ဗကသနဲ့ ပတ်သက်တဲ့ ခေါင်းစည်းတွေလည်း မစည်းရဘူးပေါ့။ သူတို့က အဲ့လိုမျိုး ကတိမတည်တဲ့ ပုံစံမျိုး လုပ်လာတာပေါ့။ အစကတော့ သဘောတူတယ်လို့ ပြောပြီးမှပေါ့။ အခုနောက်ပိုင်းရောက်မှ ပြန်ပြောတာ က ကျောင်းသားတွေကို ဒီရောက်ရောက်ချင်းပေါ့ တာဆုံးအထိလည်း လမ်းလျှောက်စရာ မလိုဘူးပေါ့။ ဒီကဖွင့်ပေးလိုက်မယ်။ ကားပေါ်ကို တန်းတက်ပေါ့။ အဲ့ဒီသဘောပေါ့ အလံလည်း မထောင်ရဘူး။ ခေါင်းစည်းလည်း မစည်းရဘူးပေါ့။ သီချင်းလည်း မဖွင့်ရဘူးပေါ့။ ဒီအတိုင်းပဲ လိုက်ရမယ်ပေါ့ သူတို့က အဲ့ဒီလို လာပြောတယ်။ အဲ့ဒါကို ကျောင်းသားတွေက သဘောမတူဘဲ စ တိုးကြတယ်ဗျ။ အဲ့ဒီကနေ စတာပဲ။”

မေး။ ။ ဝန်ကြီးဦးရဲထွဋ် ပြောသွားတဲ့အရဆိုရင် သူတို့တွေက ရန်ကုန်မြို့ကို ကျောင်းသားတွေကို ပေးမဝင်ဘူးဆိုတဲ့ ညွှန်ကြားချက်က ထုတ်ထားပြီးသားပေါ့နော်။ သူတို့ရဲ့အကြောင်းပြချက်ကတော့ ဆယ်တန်းစာမေးပွဲတွေရှိလို့၊ နောက်ပြီးတော့ နယ်မြေလုံခြုံရေးအတွက် ဆိုပြီးတော့၊ တိုင်းဒေသအစိုးရတွေကို ညွှန်ကြားချက်ထုတ်ထားပြီးသား၊ ဒါပေမဲ့ တဘက်မှာလည်း ကိုဖိုးခွားတို့လို ကျောင်းသားတွေက နယ်လုံဝန်ကြီးနဲ့ ညှိနေတဲ့အပေါ်မှာ နယ်လုံဝန်ကြီးက ရန်ကုန်အထိ သွားခွင့်ပြုတယ်ဆိုတဲ့ သဘောတူညီချက် ရထားခဲ့တယ်ဆိုတော့ အဲ့ဒါ ဘယ်နေရာမှာ ဘယ်လိုလွဲနေတာလဲရှင့်။

ဖြေ။ ။ “ဘယ်နေရာမှာ လွဲသလဲဆိုတော့ ကျနော်တို့ မနက်ကတည်းကသိတာ။ သမ္မတ နိုင်ငံခြားထွက်ပြီဆိုကတည်းက ကျနော်တို့ကို ဖြိုပြီဆိုတာ ကျနော်တို့က ရိပ်မိတယ်ဗျ။ မလေးရှားကို ထွက်သွားပြီဆိုကတည်းက ဒို့တော့ ဖြိုတော့မှာပဲလို့ ကျနော်တို့ ရိပ်မိတယ်။ အဲ့ဒီအချိန်မှာ သူတို့က ဖွင့်ပေးတယ်ဆိုတာ ဒါ ကျနော်တို့ကို ခဏလေး သက်သက်မဲ့ကို ဒါ နားရွက် တံတွေးစွတ်တဲ့ ဟာမျိုးတွေ ကျနော်တို့က မြင်တယ်ဗျ။”

မေး။ ။ အဲတော့ ရဲတွေ နှိမ်နင်းတဲ့ပုံစံတွေပေ့ါနော် သူတို့ရဲ့ ရိုက်နှက်ပုံတွေပေါ့နော် ကိုဖိုးခွားတို့ ဘယ်လိုမြင်ရလဲရှင့်။

ဖြေ။ ။ “ကျနော်တို့မြင်တာကတော့ အခု အစိုးရက ဒီလက်ပတ်နီကိစ္စတွေ ကျယ်ကျယ်လောင်လောင် ထွက်လာတဲ့အခါမှာ လက်ပတ်နီတွေကို ယူနီဖောင်းဝတ်ပြီးတော့မှ ရိုက်ခိုင်းတယ်လို့ ကျနော်တို့က မြင်တယ်ဗျ။ ကျနော်တို့ကို ချထားတဲ့ ရဲတွေကတော့ ကျနော်တို့နဲ့ ရွယ်တူလောက်တွေပဲဗျ။ အခု လာဖြိုတဲ့သူတွေကတော့ အသက် တော်တော်ကြီးတယ်ဗျ။ ကျနော်တို့ လုံး၀ ဒီရဲတွေကို တခါမှလည်း မမြင်ဖူးဘူး။ ကျနော်တို့ကို အရင်စောင့်တဲ့ ရဲတွေက ကျနော်တို့နဲ့ အဆင်ပြေတယ်။ အဲ့ဒီရဲတွေက ကျနော်တို့ အပြင်ဘက်မှာထွက်တော့ သူတို့က အပြင်ဘက်မှာ စောင့်နေရသေးတယ်။ ကျနော်တို့ကို ပိတ်ထားတဲ့ရဲတွေက လက်ပံတန်းမြို့ထဲ ဝင်တဲ့လမ်း ဘယ်ညာမှာ သူတို့က စောင့်နေရတယ်။ အဲ့ဒီရဲတွေက အပြင်ဘက်မှာ။ ကျောင်းသားတွေကို ရိုက်တဲ့ ရဲတွေကျတော့ နောက်မှရောက်လာတဲ့ ရဲတွေဗျ။ ဘယ်ကရဲတွေလည်း ဆိုတာတော့ ကျနော်တို့လည်း မသိသေးဘူး။ ကျောက်ဆည်ခရိုင်က ကိုသာအေး ရိုက်ခံရတာမှာ ခေါင်းလည်း တော်တော် အရိုက်ခံရပြီးတော့ မျက်ဖြူတွေ လန်ပြီးတော့မှ စိုးရိမ်စရာ အနေအထားအနေနဲ့ ဆေးရုံတင်လိုက်ရတယ်။ ဆေးရုံတင်တဲ့အခါတောင်မှ ဆေးစစ်ချက်ဆိုပြီးတော့မှ ရဲမှူးရဲ့ ခွင့်ပြုချက်ပါမှဆိုပြီးတော့ အကြာကြီးလုပ်နေသေးတယ်။ နောက်တော့မှပဲ ရတယ်ဗျ အဲ့ဒီခွင့်ပြုချက်တောင်မှ။ ရိုက်တာတွေက စည်းမဲ့ကမ်းမဲ့ ပရမ်းပတာတွေဗျ။ ကျနော်တို့ ပြန်ကြားရေးကားကို အကုန်လုံး ရိုက်ခွဲတယ်၊ မှန်တွေရိုက်ခွဲတယ်။ ကားတွေရဲ့ တံခါးတွေကို ဖျက်ဆီးတယ်ပေါ့။ ၉ တန်း အထက ကျောင်းသားလေး တယောက်ကို ရဲအယောက် ၂၀ လောက်က ဝိုင်းရိုက်တယ်ဆိုတာ မဖြစ်သင့်ဘူးဗျ။”

မေး။ ။ အဲတော့ ဒီလို အကြမ်းဖက် နှိမ်နင်းဖြိုခွင်းလိုက်ပြီးတဲ့ နောက်မှာပေါ့နော် အခု ကျောင်းသားတွေလည်း ဖျက်ဆီးခံရတယ်၊ အဖမ်းအဆီးခံရတဲ့ ကျောင်းသားတွေရဲ့ အခြေအနေရော ဘာကြားလဲရှင့်။

ဖြေ။ ။ “သာယာဝတီနဲ့ အင်းစိန်ကို ခွဲပို့တယ်လို့ အဲ့ဒီလို ကြားနေရတယ်။ အကုန်လုံး ထောင်ထဲရောက်ကုန်ပြီလို့ ကြားတယ်ဗျ။ ကျနော်တို့လည်း အခု ပြေးနေရတုန်းပဲ။”

XS
SM
MD
LG