သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် VOA တွေ့ဆုံမေးမြန်းခန်း


မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို VOA မြန်မာပိုင်းက တွေ့ဆုံမေးမြန်းစဉ်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို VOA မြန်မာပိုင်းက တွေ့ဆုံမေးမြန်းစဉ်

မွန်ပြည်နယ်ရဲ့ အဓိက ဝင်ငွေ အသက်သွေးကြောဖြစ်တဲ့ ရာဘာလုပ်ငန်းဟာ ကမ္ဘာစီးပွားရေးဈေးကွက်မှာ ကျဆင်းနေတဲ့အတွက် မွန်ပြည်နယ်စီးပွားရေးလုပ်ငန်း ကို ထိခိုက်မှုတွေ အကြီးအကျယ်ရှိနေကြောင်း အမေရိကန်ပြည်ထောင်စု ကိုရောက်ရှိချိန်မှာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောဆိုလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ် အမေရိကန်ပြည်ထောင်စုကို ခေါင်းဆောင်မှုပိုင်းဆိုင်ရာလေ့လာမှုခရီးစဉ်အဖြစ် ပြီလ (၈) ရက်နေ့ကနေ (၁၆)ရက်နေ့ထိ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး၊ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ ပြည်ထောင်စုဝန်ကြီးနှစ်ဦးဖြစ်တဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး နဲ့ သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းတို့ လေးဦးရောက်ရှိခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို ဗွီအိုအေမြန်မာပိုင်း က တွေ့ဆုံမေးမြန်းခွင့် ရခဲ့ရာ မှာ သူ့ကို ဝန်ကြီးချုပ်ခန့်အပ်မှုမှာ အစောပိုင်းဝေဖန်မှုတွေ ရှိခဲ့တာနဲ့ ပတ်သက် လို့ မအင်ကြင်းနိုင်က စတင်မေးမြန်းရာမှာ သူက အခုလိုတုန့်ပြန်ဖြေဆိုခဲ့ပါတယ်။

ဦးမင်းမင်းဦး။ ။ လက်ရှိအခြေအနေကတော့ နည်းနည်းတော့ ပြေပျောက် သွားတာပေါ့နော်။ မွန်အစစ်မဟုတ်ပေမဲ့ အဖိုးဘက်မှာတော့ မွန် နွယ်တာပေါ့။ အဲ့လိုပုံစံမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ မွန်လူမျိုးကလည်း နည်းနည်းလေးတော့ အစွဲကြီးတာကိုး။ သူတို့စစ်စစ်မဟုတ်တော့လည်း နည်းနည်း အပြောခံရတယ်။ ဒါပေမဲ့ နောက်ပိုင်း ကျနော်လုပ်ဆောင်မှုပေါ် ကြည့်ပြီး သူတို့ပြေပျောက်သွားမှာပါ။

မအင်ကြင်းနိုင်။ ။ မွန်ပြည်နယ်မှာ အစိုးရဖွဲ့တဲ့အခါကျတော့ရော အခက်ခဲတွေ ဘာတွေရှိခဲ့လဲရှင့်။

ဦးမင်းမင်းဦး။ ။ လက်ရှိအခြေအနေကတော့ ကျနော်က မွန်တိုင်းရင်းသားပါတီ ကလည်း သုံးထားတယ်။ ကိုယ့်ပါတီထဲကလည်း မွန်လူမျိုးတွေကိုပါ ဆွဲသုံးထားတဲ့ အတွက် ပြသနာမရှိပါဘူး။ အေးအေးချမ်းချမ်းပဲ ပြီးသွားပါတယ်။

မအင်ကြင်းနိုင်။ ။ အဲ့ဒီ့တော့ မွန်ပြည်နယ် အစိုးရအနေနဲ့ အစိုးရဖွဲ့ပြီးတော့ ရက်ပေါင်း ၁၀၀အတွင်း အဓိက ဆောင်ရွက်မယ့် အစီအစဉ်တွေထဲမှာ အထူးသဖြင့် နယ်စပ် လုံခြုံရေး နဲ့ ငြိမ်းချမ်းရေး ကိစ္စတွေမှာ အဓိက ရင်ဆိုင်ရနိုင်မယ့် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေက ဘာတွေရှိနိုင်မလဲရှင့်။

ဦးမင်းမင်းဦး။ ။ လက်ရှိ ကျနော်ပြည်နယ်မှာဆိုရင်တော့ တိုင်းရင်းသား အဖွဲ့အစည်းက ကရင်တိုင်းရင်းသားအဖွဲ့ရှိတယ်။ မွန်တိုင်းရင်းသားအဖွဲ့ရှိတယ်။ ကရင်တိုင်းရင်းသားအဖွဲ့အစည်းကတော့ ကျနော် သိရသလောက် ကတော့ အေးအေးချမ်းချမ်းပါပဲ။ သူတို့လည်း အရင်အစိုးရနဲ့လည်း ငြိမ်းချမ်းရေး ယူထားတယ်။ မွန်တိုင်းရင်းသားအဖွဲ့လည်း လက်ရှိအခြေအနေအထိက ကျနော် သိရသလောက်ကတော့ အေးအေးချမ်းချမ်းပဲ။ ကျနော်တို့အစိုးရသွားရင်လည်း ဒီဟာက အဓိက ကျနော်တို့ပါတီမူဝါဒရှိတယ်လေ။ အမျိုးသားရင်ကြားစေ့ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး။ ဒီလမ်းကြောင်းပေါ်ကို တက်သွားမှာပါ။ ကျမတို့ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒါကို တိတိကျကျ ပြောနေတာပဲ။ ဒါကို ပထမဦးစားပေး လုပ်မှာပါ။ ကျနော် ထင်တယ် နိုင်ငံတော်က လုပ်ရမယ့်အပိုင်းတွေ အေးအေးချမ်းချမ်းဖြစ်ရင် ကျနော် ဒေသမှာလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဓိက ကတော့ စေ့စပ်ညှိနှိုင်း အဖြေရှာပြီးသွားမှာပါ။

မအင်ကြင်းနိုင်။ ။ ဒါပေမဲ့ တဖက်မှာကျတော့ စောစောက တိုင်းရင်းသားတွေ ပြောခဲ့သလို အစွဲတွေရှိနေတယ်ဆိုတော့ ဒီ ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ လွယ်လွယ်ကူကူ ဖြစ်လာနိုင်မလား။ ဒီယုံကြည်မှု တည်ဆောက်တဲ့အပိုင်း ဘယ်လိုရှိမလဲရှင့်။

ဦးမင်းမင်းဦး။ ။ ဒါကတော့ ကာလသိပ်ကြာခဲ့တော့ နည်းနည်းတော့ အခက်အခဲတော့ တွေ့မှာပါ။ ဒါပေမဲ့ ကျနော် သိရသလောက်တော့ ဒေါ်အောင်ဆန်းစုကြည် အပေါ် သူတို့ တော်တော်ယုံကြည်ပါတယ်။ သူဦးဆောင်ပြီး လုပ်တဲ့အပေါ်မှာ သူတို့လည်း လိုက်လျောညီထွေ ပါဝင်ဆောင်ရွက်လာလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။

မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ အဲ့ဒီ့တော့ ရက်ပေါင်း ၁၀၀အတွင်း စီမံကိန်းတွေ စပြီးတော့ မွန်ပြည်နယ်မှာ အကောင်အထည်ဖော်မယ့် ကိစ္စတွေမှာ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေမှာ စိန်ခေါ်မှုတွေ အများကြီးရှိတာ ကျမတို့လည်း သိပါတယ်။ အဲ့ဒီ့တော့ အထူးသဖြင့် ဒီမွန်ပြည်နယ် လမ်းပမ်းဆက်သွယ်ရေး နောက်တခါ စိုက်ပျိုးရေး ပေါ့လေ။ အဓိက ဝန်ကြီးချုပ်တို့ ဘယ်လုပ်ငန်းတွေ ဘယ်စီမံကိန်းတွေကို အရင်ဆုံးဆောင်ရွက်ဖို့ ရှိမလဲရှင့်။

ဦးမင်းမင်းဦး။ ။ ဒီအနေနဲ့ ပြောရရင် ကျနော့်အနေနဲ့.. ဘာဖြစ်လို့လဲဆိုတော့ ကျနော် တာဝန်ယူတဲ့ကာလကလည်း အရမ်းတိုသေးတယ်။ ပြီးခဲ့တဲ့ ၃၁ရက်နေ့ကမှ တာဝန်စယူတယ်။ ယူပြီးတာနဲ့ ကျနော် ဌာနဆိုင်ရာတွေ ခေါ်တွေ့တယ်။ ခေါ်တွေ့ပြီးတော့ အဓိက ကတော့ ဌာနဆိုင်ရာ အားလုံးကို ကျနော် နွေးနွေးထွေးထွေးပဲ ပြောပါတယ်။ အားလုံးကို ကျနော် ယုံကြည်တယ်။ ကျနော် ဖြစ်စေချင်တာကတော့ ရက်ပေါင်း ၁၀၀ အတွင်းမှာ ပြီးနိုင်တဲ့ ကိုယ့်ဌာနတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းမျိုးကို ကျနော်ပြန်လာတဲ့အချိန် ကျရင် တင်ပြပေးပါ။ ကျနော် လုပ်နိုင်တဲ့ဟာတွေ အားလုံးကို စုပေါင်းပြီးတော့ ကျနော် ဘာလုပ်မယ်ဆိုတာ အဲ့ကျတော့မှ ဆုံးဖြတ်မယ် ကျနော်ပြောထားတယ်။

မအင်ကြင်းနိုင်။ ။ မွန်ပြည်နယ်တွင်းမှာ အဓိက လုပ်ငန်းပေါ့နော်။ အဓိက ဝင်ငွေ လုပ်ငန်းကရော ဘာတွေ ဖြစ်လာနိုင်မလဲရှင့်။

ဦးမင်းမင်းဦး။ ။ အဲ့တာတော့ နည်းနည်းသေချာ ပြောမှရမယ်။ အခုမွန်ပြည်နယ်က ဘာဖြစ်နေလဲဆိုတော့ မွန်ပြည်နယ်ရဲ့ အဓိက သွေးကြောလုပ်ငန်းက ရာဘာ စိုက်ပျိုးရေး လုပ်ငန်း။ အခုဆို ကမ္ဘာမှာ ဈေးကျနေတဲ့ အတွက် ကျနော်တို့ နိုင်ငံက တော်တော်လေး ခံရတယ်ပေါ့နော်။ အဲ့ဒီ့အထဲမှာ ပိုထိတာက ကမ္ဘာက ပေါက်ဈေးကို ကျနော်တို့က မရဘူး။ အဲ့ဒီ့ထက်ကို ၂၀၀ လောက် နှိမ့်ပြီး ဝယ်နေတဲ့အတွက် ပိုခံရတယ်ပေါ့နော်။ ကျနော်လည်း ဒီကိစ္စကို အခု အမေရိကန်လာတဲ့လမ်းကြောင်းမှာ တွေ့ရတဲ့ဌာနတွေ လာမေးမြန်းတဲ့အဖွဲ့အစည်းအားလုံးကို ဒီကိစ္စကို အဓိက တင်ပြီး ပြောပါတယ်။

မအင်ကြင်းနိုင်။ ။ အခုလို အမေရိကန်ပြည်ထောင်စုကိုပေါ့နော်။ အထူးသဖြင့် ဝါရှင်တန်ဒီစီကို လာရောက်တဲ့အချိန်မှာ အမေရိကန်ဘက်က တာဝန်ရှိပုဂ္ဂိုလ်တွေ နောက်လွှတ်တော်ထဲမှာလည်း လွှတ်တော်ခေါင်းဆောင်တွေ လွှတ်တော်အမတ်တွေနဲ့တွေ့ဆုံတဲ့အခါ အထူးသဖြင့် အခုမြန်မာနိုင်ငံက လက်ရှိအပြောင်းအလဲနဲ့ ပတ်သက်ပြီး သူတို့သဘောထား၊ သူတို့ရဲ့အမြင် ဘယ်လိုတွေ့ရပါလဲရှင့်။

ဦးမင်းမင်းဦး။ ။ သူတို့ကတော့ လက်ရှိအနေအထားအပေါ်ကို တော်တော်လေးကို ဝမ်းသာတယ်။ ကျနော်တို့အပြောင်းအလဲကိုလည်း ကြိုဆိုတယ်။ နောက်အပြောင်းအလဲမှာ တာဝန်ရှိလာတဲ့သူတွေကိုလည်း အင်ပြည့်အားပြည့် ကူညီမယ့်သဘောကိုလည်း မြင်ရပါတယ်။ တော်တော်လေးကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ သူတို့။

မအင်ကြင်းနိုင်။ ။ အဓိက သူတို့နဲ့တွေ့ဆုံခဲ့တဲ့အခါမှာရော မွန်ပြည်နယ် ကို ကိုယ်စားပြုလာတဲ့ဝန်ကြီးချုပ်အနေနဲ့ အခက်အခဲတွေ ရင်ဆိုင်ရမယ့် အခြေအနေတွေအပေါ်မှာရော ဘယ်လိုရှင်းပြတာမျိုး ရှိခဲ့ပါလဲရှင့်။

ဦးမင်းမင်းဦး။ ။ သူတို့ကတော့ မေးပါတယ်။ ဘာ အကူအညီပေးရမလဲ။ လက်ရှိ အဓိက ကတော့ ဝန်ကြီး လေးဦး လာတာပေါ့နော်။ ကျနော်ကတော့ ကျနော်ပြည်နယ် ကိုယ်စားပြု အနေအထားတွေပဲ ကျနော်ပြောပါတယ်။ သူတို့ ကူညီနိုင်တဲ့အနေအထားမှာ ကူညီပေးမယ်ဆိုတဲ့ အနေအထားတော့ လွှတ်တော်အမတ်တွေရော တွေ့ရတဲ့ဝန်ကြီး အုပ်ချုပ်ရေးပိုင်းကအကြီးအကဲတွေရော အကုန်လုံး ကတိပေးကြပါတယ်။ အင်ပြည့်အားပြည့်ကူညီမယ့်သဘော အားလုံးပြောပါတယ်။

မအင်ကြင်းနိုင်။ ။ အဲ့ဒီ့တော့ မွန်ပြည်နယ် အစိုးရအနေနဲ့ အခုငါးနှစ်အတွင်းပေါ့နော်။ လူထုရဲ့ မျှော်မှန်းချက်တွေ တိုင်းရင်းသားဒေသခံတွေရဲ့ မျှော်မှန်းချက်တွေ အတိုင်း အစိုးရဘက်က ဆောင်ရွက်ပေးမယ့်အပိုင်း ကိုရော ဘယ်လိုပြောနိုင်လဲရှင့်။

ဦးမင်းမင်းဦး။ ။ ကျနော့်အနေနဲ့ကတော့ အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်သွားပေးမယ်။ ဘယ်လောက်ဖြစ်လာမလဲဆိုတာ အခြေအနေ အချိန်အခါကို စောင့်ကြည့်ပေါ့နော်။ ကျနော် လုပ်နိုင်တာတော့ ကျနော် အစွမ်းကုန် လုပ်သွားပေးမယ်။ ပြည်သူလူထုကလည်း သူတို့မျှော်လင့်ချက်အတိုင်း ပူးပေါင်းဆောင်ရွက်ပါ။ ကျနော့်အနေနဲ့ ပြောချင်တာကတော့ အခက်အခဲမရှိရင် မြန်မြန်ဆန်ဆန်နဲ့ ပိုပြီးတော့ အောင်မြင်မှာပေါ့နော်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို ဗွီအိုအေမြန်မာပိုင်းက မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းခဲ့တာပါ။

XS
SM
MD
LG