သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု သမ္မတဖြစ်ဖို့ အလားအလာကောင်း NLD နာယက မျှော်လင့်


NLD နာယက ဦးတင်ဦးနဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။
NLD နာယက ဦးတင်ဦးနဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။

၂၀၁၆ခုနှစ် လွှတ်တော်အသစ် ပေါ်ပေါက်လာပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ် ဖွဲ့စည်းချိန် မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတရာထူး ထမ်းဆောင်ခွင့်ရမယ်လို့ သူ့အနေနဲ့ ယုံကြည်နေကြောင်း NLD နာယက ဦးတင်ဦးက ဗွီအိုအေကို ပြောပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉(စ) ကိုပြင်ဆင်ဖို့ အခြေအနေ အခွင့်အလမ်းတွေအများကြီး ဖန်တီးလာပြီလို့ ဦးတင်ဦးကဆိုပါတယ်။ဒါနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ ဦးတင်ဦးက အခုလို စပြောပါတယ်။

ဦးတင်ဦး။ ။ ပြင်ဆင်နိုင်မယ့် အနေအထား အင်အား ကတော့ တော်တော်လေး လည်း ပြည့်စုံသွားတဲ့ အနေအထား ရှိတာပေါ့နော်။ မူ ချမှတ်ထားတဲ့ ပြင်ဆင်လို့ရှိရင် ဘယ်လိုပြင်ရမယ်ဆိုတဲ့ ၄၃၆ နဲ့ ချထားတဲ့ဟာနဲ့ ပတ်သက်တာကတော့ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အင်အားကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကျနော်တို့ အားများပြီး ကောင်းတဲ့ အနေအထားတော့ ရှိပါတယ်။ အဲ့တော့ အဲ့တာကို ပြင်တယ် ဆင်တယ် ဆိုရင်တော့ အချိန်လေးတော့ ယူကြရဦးမယ်လို့ ကျနော် ထင်ပါတယ်ခင်ဗျ။

မအင်ကြင်းနိုင်။ ။ အဲ့တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ခြေ ရှိမရှိ ဆိုတဲ့ အပိုင်းကျတော့ NLD ဘက်က ဘယ်လိုသုံးသပ်ထားလဲရှင့်။

ဦးတင်ဦး။ ။ ကျနော်ကတော့ တောက်လျောက် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဖြစ်ကိုဖြစ်ရမယ်ဆိုတာကို နဂိုကတည်းက ယုံကြည်ထားတဲ့ ပုဂ္ဂိိုလ် ဆိုတော့ကာ အခုက လမ်းက အရင်ကထက်စာလို့ရှိရင် တကယ်သာ ဆွေးနွေးမယ် ဆိုရင် ဒီအကြောင်း အဖြေတခုတည်းကို မူတည်ပြီး ဆွေးနွေးမယ် ဆိုရင်တော့ ဆွေးနွေးနိုင်မယ့် အားပေါ့။ အင်အားကတော့ အောင်မြင်နိုင်တဲ့ လမ်းဘက်ကို အရမ်းကြီး ရောက်လာတယ်ဆိုတာကိုတော့ ကျနော် ဒီလိုပဲ ယုံကြည်တယ်ခင်ဗျ။

မအင်ကြင်းနိုင်။ ။ ဒီအခု လွှတ်တော်အသစ်ကို လွှဲပြောင်းဖို့အတွက် အခုဆိုရင် လက်ရှိလွှတ်တော်ကလည်း ဆွေးနွေး ညှိနှိုင်းနေပြီပေါ့။ နောက်ပြီးတော့ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဘက်ကလည်း သူတို့ ဝန်ကြီးဌာနအလိုက် လုပ်ငန်း တာဝန်တွေ ကို လွှဲပြောင်းဖို့ နောင် တက်လာမယ့် အစိုးရကို လွှဲပြောင်းနိုင်ဖို့ သူတို့ စီစဉ်နေတယ် ဆိုပြီးတော့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ကလည်း ပြောလာပြီ ဆိုတော့ အစိုးရသစ်ကို ဦးဆောင်မယ့် NLD ပါတီဘက်က ရော အဲ့လို ယန္တယားတခုကို ကိုင်တွယ်ဖို့ ပြင်ဆင်ထားတဲ့ အပိုင်းတွေရော ပြောပြလို့ရမလားရှင့်။

ဦးတင်ဦး။ ။ အမှန်ကတော့ ကျနော်တို့ကတော့ လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထား အင်အားရောက် သွားတာကတော့ အမှန်ပါပဲ။ သူတို့လည်း ဝန်ခံနေပါပြီ။ ဘာလဲဆိုတော့ ဆက်လက် လုပ်မယ်ဆိုရင်လည်း NLD ဟာ အင်နဲ့အားနဲ့ ပြည့်စုံသွားပြီ ရှိသွားပြီဆိုတာ ဖြစ်သွားတာပေါ့။

မအင်ကြင်းနိုင်။ ။ အခု ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ခေါင်းဆောင် လက်ရှိခေါင်းဆောင်၊ အရင်ခေါင်းဆောင်ဟောင်းတွေနဲ့ နိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ရှေးရှု့ပြီး သူ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်နေတဲ့အခါကျတော့ အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် အစိုးရသစ်မှာ တပ်မတော် ခေါင်းဆောင်ဟောင်းတွေပဲဖြစ်ဖြစ် တပ်မတော်ဘက်က ကိုယ်စားပြုတဲ့သူပဲဖြစ်ဖြစ် ဒီအစိုးရအဖွဲ့ထဲမှာ ပါလာနိုင်မယ့် အနေအထားရော ရှိနိုင်မလားရှင့်။

ဦးတင်ဦး။ ။ အမှန်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒကတော့ ရင်ကြားစေ့ရေး လုပ်တယ် ဆိုတဲ့ နောက်တော့ အဓိက ရင်ကြားစေ့ရေး လုပ်ရမယ့် အဖွဲ့အစည်းကလည်း တပ်မတော်ပဲ ဖြစ်နေတဲ့အနေအထားပါပဲလေ။ အဲ့တော့ လွှတ်တော်မှာ ပါကြတဲ့ ပုဂ္ဂိုလ်တွေ နောက်ပြီးတော့ အရေးကြီးတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုတာကလည်း ဒီ ၂၀၀၈ အခြေခံဥပဒေထဲမှာ အင်မတန်ကို ကိုင်ထားတဲ့ အချက်အလက်ဖြစ်နေတယ် ဆိုတော့ ဒါတွေနဲ့ပတ်သက်လို့ ပြောကြဆိုကြမယ် ဆိုလို့ရှိရင် ပြောနိုင်ဆိုနိုင်တဲ့ အနေအထားတွေလည်း တော်တော်များများ ရှိနေတဲ့ သဘောတော့ရှိတာပေါ့။

မအင်ကြင်းနိုင်။ ။ အဲ့တာဆိုရင် ဒီ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် NLD အနေနဲ့ အစိုးရ ဖွဲ့တဲ့အခါမှာ လူအများ ခန့်မှန်းနေကြတဲ့ သမ္မတ ကိစ္စ ဒုသမ္မတ ကိစ္စ ယာထားခံရတဲ့ လူစာရင်းတွေနဲ့ပတ်သက်ပြီးတော့ NLD ဘက်ကနေပြီးတော့ ဘယ်လိုပုဂ္ဂိုလ်မျိုးက ဖြစ်နိုင်တယ်။ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ယာ ထားတယ်ဆိုတာမျိုး အဲ့တာမျိုးရော ပြောလို့ရမလားရှင့်။

ဦးတင်ဦး။ ။ အဲ့တာတော့ ဘာသံမှာ ထုတ်ဖော်ပြောတာ ဒီဘက်မှာ ပြောတာ ပြုတာတွေ လည်း မကြားမိသေးပါဘူး။ စဉ်းစားထားတာတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ကျန်တာ အများကြီးဆွေးနွေးရမယ် ထင်ပါတယ်ခင်ဗျ။ ဘာကြောင့်လဲလို့ဆိုတော့ကာ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့လည်း ကျနော်တို့က ဦးစားပေးကြတာတွေလည်း ရှိကြတာကိုး။ အဲ့ဒီ့တော့ကာ ဖြစ်လာတဲ့ပုဂ္ဂိုလ်နဲ့ ပတ်သက်လို့ ဘယ်သူတွေ ဘယ်ဝါတွေဆိုတာကတော့ ကျကျနန အဖွဲ့ချုပ်ကနေပြီးတော့ ဆွေးနွေးပြီး ထုတ်ဖော်ပြောဆိုတဲ့ အသံဗလံတော့ ကျနော် အခုထက်ထိ ဘာတခုမှ မကြားရသေးပါဘူး ခင်ဗျာ။

NLD နာယက ဦးတင်ဦးကို ဗွီအိုအေမြန်မာပိုင်းက မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

အသံဖိုင် အပြည့်အစုံ နားဆင်ရန်-

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG