သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဖြိုးဖြိုးအောင် နဲ့ ဆက်သွယ် မေးမြန်း


နန္ဒစစ်အောင်၊ ဖြိုးဖြိုးအောင် ၊ မင်းသွေးသစ် သာယာဝတီ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်။
နန္ဒစစ်အောင်၊ ဖြိုးဖြိုးအောင် ၊ မင်းသွေးသစ် သာယာဝတီ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်။

ပညာရေးဆိုင်ရာ စနစ် ပြုပြင်ပြောင်းလဲရေးတွေ အတွက် ပြန်လည် လွတ်မြောက် လာကြတဲ့ ကျောင်းသားတွေ အနေနဲ့ ဆက်ပြီး ဆောင်ရွက်သွားကြမှာဖြစ်ပြီး၊ အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး အတွက် ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်သွားမယ် လို့ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က ဗွီအိုအေကို ပြောပါတယ်။ မဖြိုးဖြိုးအောင်ဟာ ဗွီအိုအေရဲ့ ညပိုင်း အသံလွှင့်နေချိန် အထိ သာယာဝတီထောင်ရှေ့မှာ လွှတ်မိန့်ကို စောင့်နေရဆဲပါ။ အခုဆိုရင်တော့ မဖြိုးဖြိုးအောင်၊ မင်းသွေးသစ်နဲ့ နန္ဒစစ်အောင်စတဲ့ ကျောင်းသားခေါင်းဆောင်တွေ သာယာဝတီအကျဉ်းထောင်ကနေ ပြန်လွတ်မြောက်သွားပြီဖြစ်ပါတယ်။

သူတို့ မလွတ်ခင် အချိန်ပိုင်းမှာ မဖြိုးဖြိုးအောင်ကို ရန်နိုင်က ဆက်သွယ်မေးမြန်း ထားတာဖြစ်ပါတယ်။

မဖြိုးဖြိုးအောင်။ ။ "မြို့နယ်တွေကနေပြီးတော့ ဥပမာ ကျမဆိုလို့ရှိရင် ကျမကို တရားစွဲထားတာ (၁၀) မြို့နယ် (၁၀) ရုံး ရှိပါတယ်။ အဲဒီ (၁၀) မြို့နယ် (၁၀) ရုံးကနေပြီးတော့ အခုဆိုရင် သာယာဝတီ တရားရုံးကနေပြီးတော့ လွှတ် ဝရမ်းပေးလိုက်တယ်။ ဒါပေမယ့် ရန်ကုန်က (၉) ရုံးရဲ့ လွှတ်ဝရမ်းကိုစောင့်ရတာ။ အဲ့လိုအနေအထားမျိုးပါ။ (၉) ရုံး စုံအောင် စောင့်နေရတယ်ပေါ့။ ကိုနန္ဒစစ်အောင်ဆိုလည်း သူ့ရဲ့ တရားစွဲဆိုခံထားရတဲ့ ရုံးတွေရဲ့ ဝရမ်းကို စောင့်ရတယ်။ ကိုမင်းသွေးသစ်ဆိုလည်း အလားတူပါပဲ။ တရားစွဲဆိုထားတဲ့ ရုံးတွေရဲ့ ဝရမ်းကို စောင့်ရတယ်ပေါ့။ အဲ့တာကြောင့် လွှတ်ဝရမ်းတွေကို စောင့်နေဆဲပါပဲ။ နောက်တခုက ကျမတို့ သိထားသလောက်ကတော့ ဒီထောင်ကို လာပို့တာ မဟုတ်ပဲနဲ့ အင်းစိန်ထောင်ကို ပဲ လွှတ်ဝရမ်းတွေ အားလုံး အကုန်လုံးပို့ပြီးတော့ အင်းစိန်ထောင်က ထောင်အချင်းချင်း လှမ်းပြီးတော့ Fax နဲ့ပေါ့နော် လှမ်းပို့တဲ့ပုံစံမျိုး လုပ်မှာပေါ့။ အခုလောလောဆယ်တော့ မဝင်သေးဘူးလို့ ကြားပါတယ်ရှင့်။"

ကိုရန်နိုင်။ ။ ဒီနေ့တော့ အမိန့်ရလာမယ်လို့ မျှော်လင့်ရတာပေါ့။

မဖြိုးဖြိုးအောင်။ ။ ဟုတ်ကဲ့။ အခုအချိန်အထိကတော့ စောင့်နေဆဲ ကာလဖြစ်နေတာပေါ့။ ဒီနေ့ထဲမှာပဲ အမိန့်ရလာဖို့ မျှော်လင့်ကြတာပေါ့။

ကိုရန်နိုင်။ ။ မဖြိုးဖြိုးအောင်တို့ လွတ်သွားပြီဆိုရင် ဘာတွေ ဆက်လုပ်သွားဖို့ စဉ်းစားထားပါသလဲ။

မဖြိုးဖြိုးအောင်။ ။ ကျမတို့ ဗကသများ အဖွဲ့ချုပ်ကတော့ မူလ လုပ်ငန်းစဉ်တွေ ရှိတယ်။ ဗကသရဲ့ မူ ငါးချက်ဖြစ်တဲ့ အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီ ပညာရေး၊ ကျောင်းသားထု အခွင့်အရေး ကာကွယ်ရေးနဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ မူငါးချက် အပေါ်မှာ အခြေခံတဲ့ ကျမတို့ရဲ့ လုပ်ငန်းစဉ်တွေက ဆက်ပြီးတော့ သွားမှာပါ။ အဲ့ဒီ့အထဲမှာမှ အရေးကြီးတဲ့ ကျမတို့သပိတ်လည်း ဆက်ပြီးရှိနေသေးတဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး အတွက် ကျမတို့ လှုပ်ရှားမှုတွေကလည်း ရှိနေဦးမှာပဲ။

နောက်ဆုံးတချက်ကတော့ ကျမတို့ ကျောင်းသားထု ညီလာခံမှာ အရင်တနှစ်က ကျမတို့ ကျောင်းသားထု ညီလာခံကို ၂၀၁၅ မတ်လ မှာ နောက်ဆုံးထားပြီး မကျင်းပနိုင်ခဲ့ဘူး။ ကျမတို့ အရေးကြီးတဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့ ကျမတို့ သပိတ်မှောက်ခဲ့တယ်။ သပိတ်မှောက်လို့ အကျဉ်းထောင်ထဲရောက်ခဲ့တော့ ကျမတို့ ညီလာခံက မဖြစ်လာခဲ့ဘူးပေါ့နော်။ အဲ့တော့ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ပြန်လည်ရွေးချယ်မယ့် ကာလဖြစ်ပါလိမ့်မယ်။

ကိုရန်နိုင်။ ။ မဖြိုးဖြိုးအောင်တို့က အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီးတော့ အခုလို တောင်းဆိုဆန္ဒပြခဲ့လို့ ဖမ်းဆီး ခံခဲ့ရတယ်။ အခုပြန်လွတ်မြောက်လာတဲ့ အချိန်မှာလည်း ဆက်ပြီးတော့ လုပ်သွားမယ် ဆိုတော့ အခု အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်ပြီးတော့ NNER နဲ့ NLD နဲ့လည်း ပညာရေးဥပဒေပြင်ဆင်ဖို့ ကိစ္စမှာ နည်းနည်းလေး ထိပ်တိုက်တွေ့ခဲ့တဲ့ အနေအထားလေး ရှိတော့ အခု မဖြိုးဖြိုးအောင်တို့ အခုဆက်လုပ်သွားမယ့် ဥစ္စာကရော ဘယ်လိုအနေအထားမျိုး ရှိနိုင်မလဲ။

မဖြိုးဖြိုးအောင်။ ။ ကျမတို့ကတော့ အရင်ဦးသိန်းစိန်အစိုးရ လက်ထက်တုန်း ကတောင် ဆွေးနွေးပွဲတွေ တောက်လျောက်တက်တယ်။ ဆွေးနွေးတယ်။ ညှိနှိုင်းတယ် တောက်လျောက် လုပ်ခဲ့ပါတယ်။ ကျမတို့ရဲ့ ဆန္ဒတွေ ကျမတို့ရဲ့ ဆွေးနွေးချက်တွေကို လုံးဝ လျစ်လျူရှု့ ထားတဲ့အခါကျတော့ ကျမတို့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပုံစံကို ရွေးပြီးတော့ ကျမတို့ ဆန္ဒပြပွဲတွေ ဖော်ဆောင်ခဲ့တာပါ။ ဒါကြောင့်မို့လို့ ကျမတို့ကတော့ ညှိနှိုင်းဆောင်ရွက်ဖို့ နည်းလမ်းကတော့ အမြဲတမ်း သုံးပါတယ်။ ပြည်သူလူထုရဲ့ မဲဆန္ဒနဲ့ ၇၅% သော လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးချယ်လိုက်တဲ့ အစိုးရအဖွဲ့နဲ့ ညှိနှိုင်းတဲ့ နေရာမှာလည်း ကျမတို့အနေနဲ့ ပိုပြီးတော့ ဒီမိုကရေစီ ပုံစံမျိုး ကျအောင် ညှိနှိုင်းဆွေးနွေးမှု နည်းလမ်းကို ကျမတို့ကတော့ အမြဲတမ်း ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းကစပြီး ကျမတို့က သွားမှာဖြစ်ပါတယ်။

ကိုရန်နိုင်။ ။ အစိုးရပြောင်းသွားပြီဆိုတော့ မဖြိုးဖြိုးအောင်တို့ရဲ့ တောင်းဆိုချက်တွေ လိုလားချက်တွေ ပြည့်ဝ လာလိမ့်မယ်လို့ မျှော်လင့်ထားလား။ ဘယ်လောက် အထိ မျှော်လင့်ထားလဲ။

မဖြိုးဖြိုးအောင်။ ။ ကျမတို့ လက်ရှိပေါ့နော်။ အစိုးရသစ်ကတော့ ပညာရေးပြုပြင်ပြောင်းလဲရေး အတွက် စပြီးတော့ လုပ်ဆောင်နေတာ တချို့ကို တွေ့နေရတယ်။ လက်ရှိအစိုးရကလည်း ကျမတို့နဲ့ ယုံကြည်မှုရှိတယ်။ ကျမတို့နဲ့ သိပ်ပြီးတော့ မကွဲပြားလှဘူးလို့ ကျမတို့တွေးတယ်။ တချို့ အခြေခံ အချက်အလက်တွေမှာတော့ ကျမတို့ သွားချင်တဲ့ ပုံစံတွေ ကွာဟချက်တော့ ရှိကောင်းရှိနိုင်တယ်။ ဒါကိုလည်း ကျမတို့ ညှိနှိုင်းဆွေးနွေးမယ် ဆိုလို့ရှိရင် ပြေလည်နိုင်လိမ့်မယ်လို့ ကျမတို့ကတော့ မျှော်လင့်ထားပါတယ်ရှင့်။ တကယ်သာ ပညာရှင်တွေ တိုင်ပင်ညှိနှိုင်းကြမယ်။ ကျမတို့ကလည်း ကျမတို့ဖြစ်ချင်တဲ့ ဆန္ဒလေးတွေနဲ့ ဝိုင်းဝန်းဆွေးနွေးကြမယ် ဆိုလို့ရှိရင်တော့ အောင်မြင့်လိမ့်မယ်လို့ ကျမအနေနဲ့ မျှော်လင့်ပါတယ်။

ဖြိုးဖြိုးအောင် မင်းသွေးသစ်နဲ့ ကျောင်းသားခေါင်းဆောင်တွေ အကုန်လုံး မလွတ်ခင် အချိန်ပိုင်းမှာ မဖြိုးဖြိုးအောင်ကို ရန်နိုင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ အခုဆိုရင်တော့ မဖြိုးဖြိုးအောင် အပါအဝင် ကျောင်းသားခေါင်းဆောင်တွေ ပြန်လည် လွတ်မြောက်သွားပြီဖြစ်ပါတယ်။

XS
SM
MD
LG