သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း ကင်တာနားနဲ့ မေးမြန်းချက်


မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်ဟောင်း Thomas Ojea Quintana ။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်ဟောင်း Thomas Ojea Quintana ။
၆နှစ်တာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တာဝန်ယူခဲ့သူ Thomas Ojea Quintana ဟာ မနေ့ မေလ ၃၀ ရက်နေ့က သက်တမ်း ကုန်ခဲ့ပြီဖြစ်ပြီး၊ သူ့နေရာကိုတော့ တောင်ကိုရီးယားနိုင်ငံသူ Ms.Yanghee Lee က စတင် တာဝန်ယူလိုက်ပြီဖြစ်ပါတယ်။ မစ္စတာကင်တာနား အနေနဲ့ သူတာဝန်ယူခဲ့စဉ်ကာလ အတွင်းမှာ မြန်မာနိုင်ငံတွင်း တိုးတက်ပြောင်းလဲမှုတွေကို မျက်မြင်တွေ့လိုက်ရသလို၊ လူ့အခွင့်အရေးအရ စိုးရိမ်စရာတွေ ကျန်နေသေးတဲ့အပေါ်မှာတော့ ကျေနပ်အားရမှုမရှိလှဘူးလို့ ဗွီအိုအေကို ပြောခဲ့ပါတယ်။ မစ္စတာကင်တာနားကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး။ ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တဦးအနေနဲ့ မစ္စတာကင်တာနားရဲ့ တာဝန်ဟာ အခု ဒီနေ့မှာဆိုရင် သက်တမ်းကုန်သွားပါပြီ။ ၆နှစ်တာ တာဝန်ယူခဲ့စဉ်အတွင်းမှာ ထူးထူးခြားခြားဆိုရင် စစ်အစိုးရကာလကိုလည်းမှီခဲ့တယ်၊ အရပ်သား အစိုးရ အသွင်ပြောင်းတော့လည်း မှီခဲ့တယ်။ အဲဒီ မစ္စတာကင်တာနား တာဝန်ယူစဉ် ကာလအတွင်းမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ထူးထူးခြားခြား အောင်မြင်မှုတွေ ဘာတွေ မြင်ခဲ့ရသလဲ။

“နိုင်ငံရေးအကျဉ်းသားတွေလွတ်လာတာဟာ အင်မတန် အရေးပါတဲ့ အောင်မြင်မှုပါ။ ဒုတိယအချက်ပြောရရင်တော့ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ ရလာတာပါ။ အထူးသဖြင့် သတင်းမီဒီယာတွေအနေနဲ့ တိုင်းပြည်အခြေအနေကို သတင်းယူ သတင်းပို့နိုင်လာပါတယ်။ အရင်စစ်အစိုးရ လက်အောက်မှာတော့ သတင်းမီဒီယာတွေအခြေအနေက အတော့်ကို ဆိုးပါတယ်။ အခု ပြောင်းလဲလာတာဟာ စစ်အုပ်ချုပ်ရေးနောက်ပိုင်း ပြောင်းလဲ လာတဲ့ မူဝါဒသစ်ဖြစ်ပါတယ်။ နောက်ထပ် လွတ်လပ်ခွင့်ရှိလာဖို့လိုသလို၊ အစိုးရအဖွဲ့အစည်းတွေရဲ့ ကန့်သတ်ချက်အချို့ကတော့ ရှိနေတုန်းဖြစ်ပါတယ်။”

ကိုသားညွန့်ဦး။ ။ ဒါကတော့ ရလဒ်ကောင်းတွေ တွေ့ရတာပေါ့။ အခု အစိုးရ အပြောင်းအလဲဖြစ်တယ်၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလည်း လုပ်လာတယ်။ အဲ့တော့ လူ့အခွင့်အရေး အရ စိုးရိမ်မကင်းဖြစ်စရာတွေပြောရင် ဘယ်အချက်တွေ ကျန်ဦးမလဲ။

“ လူနည်းစု တိုင်းရင်းသားတွေရှိတဲ့ နယ်စပ်ဒေသအခြေအနေတွေနဲ့ပတ်သက်လို့ ကျနော် အင်မတန် စိုးရိမ်မကင်းဖြစ်မိပါတယ်။ အချို့နေရာတွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေး ယူထားတာတော့ရှိပါတယ်။ ဒါပေမယ့် ကျန်တဲ့နေရာတွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်အကြား မကြာမကြာ ပစ်ခတ်မှုတွေ ရှိနေပါတယ်။ ပြဿနာကတော့ အဲဒီမှာနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစုတွေအပေါ် သွားပြီး သက်ရောက်မှုရှိတာပါ။ စစ်ပွဲအကျိုးဆက်ကြောင့် ဆယ်စုနှစ်ကြာခံစားနေရမှု အခြေအနေတွေ တိုးတက်လာတာမရှိပါဘူး။ လူ့အခွင့်အရေး ချိုးဖောက် မှုတွေဖြစ်နေပါတယ်။ နောက်ပြဿနာတခု ကလည်း ဒီ ဒုက္ခသည်တွေကို နေရာပြန်ချ ထားရေးကိစ္စပါ။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲရေး ရအောင်လုပ်ဖို့ဟာ အခု အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေအတွက် အတော့်ကိုအရေးကြီးပါတယ်။ ဒါမှမဟုတ်ရင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ အတော့်ကို ခက်ခဲနေဦးမှာပါ။

ေ နောက်တခုကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စပါ။ မြန်မာနိုင်ငံရဲ့ နယ်ပယ်အသီးသီးမှာ စစ်တပ်က ထိန်းချုပ်ထား ပါတယ်။ စစ်တပ်အနေနဲ့ အရပ်သားပြည်သူတွေကို အုပ်ချုပ်ရေးအာဏာ လွဲပြောင်းသင့်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပြင်ဆင်ဖို့လိုပါတယ်။ အထူးသဖြင့်မကြာခင်မှာ အရေးကြီးတဲ့ ၂၀၁၅ ရွေးကောက်ပွဲလာတော့မှာပါ။”

ကိုသားညွန့်ဦး။ ။ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အရင်တုန်းကဆို အတော်လေး ကျယ်ကျယ်လောင်လောင် ပြောဆို ဝေဖန်ကြတာပါ။ အခု အပြောင်းအလဲတွေနောက်ပိုင်းမှာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ နဲနဲ အသံ တိမ်လာသလိုပဲ။ လူ့အခွင့်အရေးကိုယ်စားလှယ် အခုတော့ အသစ်တဦး ဆက်ခန့်တာပေါ့။ ဒါပေမယ့် ဒီတာဝန် ဆက်မရှိသင့်တော့ဘူးဆိုတဲ့ ဒေသတွင်းက အသံတွေလည်း ကြားလာရတယ်။ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဆိုတဲ့ အခန်းကဏ္ဍ လိုအပ်ချက်က ဘယ်လောက်အထိ အရေးကြီးနေဦးမယ်ထင်လဲ။

“ မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့အသံ သူတို့ရဲ့ဆန္ဒတွေ ကုလသမဂ္ဂထဲမှာ ထပ်ဟပ်ပေါ်လွင်စေဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဆိုတဲ့နေရာက သူတို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် အခု အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွေမှာ လူ့အခွင့်အရေး ဦးစားပေးဆောင်ရွက်မှုတွေဖြစ် လာစေဖို့လည်း အထောက်အကူဖြစ်စေမှာ ပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ကတော့ မြန်မာအစိုးရရဲ့ မူဝါဒဆုံးဖြတ်ချက်တွေ ဆောင်ရွက်ချက်တွေ အပေါ် ထောက်ခံ ကူညီမှုပေးတာ မြန်လွန်းတယ်လို့ ကျနော်တို့ ထင်ပါတယ်။ မြန်မာနိုင်ငံတဝှမ်း အလုံးစုံဖွံဖြိုးမှုပုံစံဖြစ်လာဖို့ အရေးကြီးပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ရှိနေတဲ့အပေါ်မှာတော့ နိုင်ငံတကာအနေနဲ့ မျက်ကွယ်မပြုသင့်ပါဘူး။

ဒီ အသွင်ကူးပြောင်းမှုဖြစ်နေတာ သုံးနှစ်ပဲ ရှိသေးတယ်ဆိုတာ မမေ့သင့်ပါဘူး။ စစ်တပ်ရဲ့ စဉ်းစားပုံ တွေးခေါ်ပုံတွေ ပြောင်းလဲလာဖို့နဲ့ impunity ခေါ်တဲ့ တာဝန်ရှိသူတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လွတ်ငြိမ်းခွင့်ရနေတာ အဆုံးသတ်ဖို့ဆိုတာ - ဒီအချိန်ကာလဟာ တိုတောင်းတဲ့အချိန်ကာလပါ။ တရားဥပဒေစိုးမိုးရေးမှာ ပြသနာကတော့ အစိုးရအဖွဲ့အစည်းအသီးသီးမှာ တာဝန်ခံမှု ကင်းမဲ့တာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မြန်မာအစိုးရနဲ့ ထိစပ် လက်တွဲဆောင်ရွက်ပါ၊ ဒါပေမယ့် အသွင်ကူးပြောင်းရေး တကယ် အောင်မြင်လာဖို့ဆိုရင် လူ့အခွင့်အရေး စိုးရိမ်စရာရှိတာကို ထောက်ပြ ပြောဆိုဖို့လိုပါတယ်။”

ကိုသားညွန့်ဦး။ ။ အခု အပြောင်းအလဲတွေဖြစ်တဲ့နေရာမှာရော ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေ ပါတယ်လို့ ပြောနိုင်လား။

“ အခု အသွင်ကူးပြောင်းရေးမှာ ကုလသမဂ္ဂဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာရှိခဲ့တယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်။ ဒါပေမယ့် အခြေခံအားဖြင့်ပြောရရင်တော့ မြန်မာပြည်သူတွေကြောင့်လို့ ပြောချင်ပါတယ်။ ”

ကိုသားညွန့်ဦး။ ။ မစ္စတာကင်တာနားအနေနဲ့ အခု ၆ နှစ်တာ တာဝန်ထမ်းဆောင်ရတဲ့အချိန်မှာ လုပ်ငန်းအတွက်ရင်ဆိုင်ရတဲ့ အခက်အခဲတွေ အကြပ်အတည်းတွေရှိရင် ဘာတွေများလဲ။

“ ကျနော်မှာ အတော်လေး အခက်အခဲတွေရှိခဲ့တယ်ဆိုတာလူတိုင်းသိပါတယ်။ ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်းတွေနဲ့ပတ်သက်လို့ သင့်တင့်အောင်ဆက်ဆံရာမှာ ကျနော်ရပ်တည်ဆောင်ရွက်ရတာ အခက်အခဲတွေရှိခဲ့ပါတယ်။ အစိုးရရော ပြည်သူတွေရော နားလည်ဖို့ လိုတာကတော့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အနေနဲ့ ကျနော် ဘယ်ဘက်ကိုမှ မရပ်ခဲ့ပါဘူး။ ကျနော် ချည်းကပ်ဆောင်ရွက်ရာမှာ လွတ်လွတ်လပ်လပ်ရှိပြီး သမမျှတအောင်နေပါတယ်။ အခု အသစ် ခန့်အပ်လိုက်တဲ့ အထူးကိုယ်စားလှယ်အနေနဲ့လည်း ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ အတော်လေး အခက်အခဲတွေ ကြုံရလိမ့်ဦးမှာပါ။ အခြားနယ်စပ်ဒေသက လူနည်းစု လူမျိုးတွေကိစ္စကိုင်တွယ်ရာမှာလည်း အခက်အခဲရှိပါတယ်။”

ကိုသားညွန့်ဦး။ ။ ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်ဖြစ်တဲ့ မစ္စတာကင်တာနားကို စစ်အစိုးရလက်ထက် ကာလတုန်းကဆိုရင် နိုင်ငံရေး အဖွဲ့အစည်းတွေ ပြည်သူတွေအတော်များများက အားထားကြတယ်၊ အားကိုးကြတယ်။ ဒါပေမယ့် အပြောင်းအလဲနောက်ပိုင်းမှာ အခုနက ရိုဟင်ဂျာကိစ္စ ရခိုင်ပြည်နယ်ကိစ္စတွေနဲ့ပတ်သက်လို့ သဘောထားတွေ အချို့ ပြောင်းလာကြတယ်။ အချို့က အတော်လေး ဝေဖန်ကြတာတွေ ရှိတယ်။ ဆန္ဒပြတာတွေတောင် ခံခဲ့ရတယ်မဟုတ်လား။

“ ကျနော်ရဲ့ အစီရင်ခံစာတွေ ကျနော်တို့ရဲ့ ကြေညာချက်တွေဟာ ရိုဟင်ဂျာကိစ္စတင် မဟုတ်ပါဘူး၊ မြန်မာတပြည်လုံးက လူ့အခွင့်အရေးအခြေအနေတွေအားလုံး ပါတယ်ဆိုတာ မြန်မာပြည်သူတွေ သိကြမှာပါ။ ဒါပေမယ့် အချို့ လူမှုအသိုင်းအဝိုင်းတွေဆီက မကျေနပ်မှု သဘောထားတွေရှိတယ်ဆိုတာ ကျနော်နားလည်ပါတယ်။ ဒါပေမယ့် အဲဒီ လူမှုအသိုင်းအဝိုင်းတွေနဲ့လည်း ထိတွေ့ဖို့ ကျနော်ကြိုးစားခဲ့ပါတယ်။ ကျနော်နောက်ဆုံး ခရီးစဉ်မှာဆိုရင် ရခိုင်ပြည်နယ် စစ်တွေကို ရောက်ပါတယ်။ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပါတယ်။ သူတို့တွေက ကျနော့်ကို ဝေဖန်တာတွေရှိပါတယ်။ ဒါပေမယ့် သူတို့နဲ့အတူတူထိုင်ပြိး ဆွေးနွေးခဲ့ပါတယ်။ ”

ကိုသားညွန့်ဦး။ ။ နောက်ဆုံးမိန့်ခွန်းပါ။ မစ္စတာကင်တာနားအနေနဲ့ အခု မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တာဝန်ယူလာတဲ့ ၆နှစ်တာ လုပ်ငန်းတွေအပေါ်မှာ ဘယ်လို ရှိလဲ။ ကျေနပ်အားရမှုရှိရဲ့လား။

“ ကျနော်အလုပ်အပေါ် ကျေနပ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်သူတွေအနေနဲ့ အချို့နေရာတွေ အချို့အခြေအနေတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေခံနေရတာကိုတော့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ တဦးအနေနဲ့တော့ ကျေနပ်အားရမှုမရှိပါဘူး။”

ကိုသားညွန့်ဦး။ ။ ကျေးဇူးတင်ပါတယ်။
XS
SM
MD
LG