သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုး ပါတီတွင်း ခေါင်းဆောင်ပိုင်း နေရာ ပြန်လည် ဖွဲ့စည်းမှုပြုလုပ်


Photo Credit to U Ye Htut FB
Photo Credit to U Ye Htut FB

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှာ မနေ့ညက ပါတီညီလာခံနှင့် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံပွဲအပြီး အခြေအနေ တင်းမာမှုနှင့် ရှုပ်ထွေးမှုများ ဖြစ်ပွားနေတယ်လို့ ဗွီအိုအေက သတင်းရရှိထားပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ကိုဝင်းမင်းက ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ဝန်ကြီးဦးရဲထွဋ်ခင်ဗျာ ကျနော်တို့ မနေ့ညကပေါ့နော် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရုံးတွင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေ ဝင်ရောက်မှုနဲ့ စစ်ဆေးမှုတွေ ရှိတယ်လို့ ကြားသိရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဦးရဲထွဋ် ပြောပြနိုင်သလောက်လေး ရှင်းပြပေးပါလား။

ဖြေ - ကျနော်တို့ကတော့ဗျာ အဲဒီပါတီဝင် မဟုတ်တဲ့အတွက်ကြောင့်မို့လို့ ဖြစ်စဉ်တော့ ကျနော် အသေးစိတ်မသိပါဘူး။ သို့သော် ကျနော်တို့ အကြမ်းမျဉ်းသိရတာကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတွင်းမှာ ခေါင်းဆောင်ပိုင်းနေရာတွေ ပြန်လည် ဖွဲ့စည်းမှုတခု လုပ်နေတယ်လို့တော့ ကျနော်တို့ သိရပါတယ်။ အဲဒါတော့ ကျနော်တို့ ကြားရတဲ့သတင်းပေါ့။

မေး - အဲတော့ အခုလို ပြန်လည်ဖွဲ့စည်းမှု လုပ်တဲ့နေရာမှာ ဘယ်လိုအနေအထားတွေ ရှိလဲပေါ့နော်။ ကျနော်တို့ ဝန်ကြီးတချို့လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အရေးပါတဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေလည်း ပြောင်းသွားတာကို တွေ့ရပါတယ်။ ဥပမာ - ဦးတင်နိုင်သိန်းတို့ပေါ့နော်။ အဲတော့ သူတို့အနေနဲ့ကော ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဖို့ ရှိနိုင်ပါသလဲ။

ဖြေ - ကျနော်တို့ကတော့ ပါတီ ခုနက ခင်ဗျားတို့ပြောသလိုပဲ လက်ရှိ ပါတီဝင်မဟုတ်တော့ ပါတီတွင်းကိစ္စတွေတော့ ကျနော်တို့ မသိဘူး။ သို့သော် ယေဘုယျ အပြင်ကနေ လေ့လာတဲ့သူတယောက်အနေနဲ့ ပြောရမယ်ဆိုရင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီသည်လည်း တခြားပါတီများလိုပဲ ရွေးကောက်ပွဲဝင်တဲ့အခါမှာ ပါတီရဲ့ အောင်နိုင်ရေးအတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ပဲ ကျနော် နားလည်ပါတယ်။

မေး - ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ပေါ့နော် ဘယ်လို အလားအလာတွေ ဖြစ်ဖို့ သုံးသပ်ကြည့်လို့ရလဲ။

ဖြေ - ကျနော် အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးအနေနဲ့ မဟုတ်ဘူးပေါ့နော်။ ပြည်သူတဦး၊ မဲဆန္ဒရှင်တဦးအနေနဲ့ လေ့လာမိသလောက် ကျနော် ပြောရမယ်ဆိုရင်တော့ ပါတီတခုမှာ ဟုတ်လား ပါတီဦးဆောင်မှုအပိုင်းမှာ ရှိတဲ့သူတွေအနေနဲ့ ပါတီရဲ့ မူဝါဒတွေကနေ သွေဖယ်နေမယ်၊ ပါတီဝင်တွေရဲ့ဆန္ဒကို ဆန့်ကျင်နေမယ်၊ ပါတီနဲ့ နိုင်ငံ့အကျိုးထက် ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေကို ရှေ့တန်းတင်မယ်။ ပါတီတွင်းမှာ ဂိုဏ်းဂဏဝါဒတွေ ထူထောင်မယ်ဆိုရင်တော့ ဘယ်ပါတီမဆို ပြုပြင်ပြောင်းလဲမှု လုပ်ရမှာပဲလို့ ကျနော် မြင်ပါတယ်။ ပြည်ခိုင်ဖြိုးတင် မဟုတ်ပါဘူး။ ကျန်တဲ့ပါတီတွေလည်း ဒီလိုပဲလုပ်မယ်လို့ ကျနော် ထင်တယ်လေ။

မေး - အခုလောလောဆယ်မှာတော့ ဒီပါတီတွင်းမှာ မကျေမလည်ဖြစ်နေတဲ့ ကိစ္စတချို့ ရှိတယ်ပေါ့နော်။ တပ်မတော်ဘက်ကနေပြီးတော့ ဝင်လာမယ့် ကိုယ်စားလှယ်တွေကိစ္စ ပါတီဝင်တွေအားလုံး လက်မခံတာမျိုးတွေ၊ နောက် အစိုးရဘက်ကနေပြီးတော့ ဝင်လာတဲ့ ကိစ္စပေါ့နော် ပါတီဘက်ကနေ အားလုံးကို လက်မခံတာ၊ အဲလိုမျိုးလေးတွေ တင်းမာမှုလေးတွေ ရှိနေတာကိုတော့ တွေ့ရပါတယ်။ အဲတော့ အဲဒါတွေနဲ့ရော ပတ်သက်နေမယ်လို့ ယူဆလို့ရလား။

ဖြေ - ခင်ဗျားပြောသလိုပေါ့ဗျာ ပါတီမှာ အားလုံးက လက်မခံဘူးဆိုတာတော့ မဟုတ်ဘူးထင်ပါတယ်။ တချို့က လက်မခံချင်ဘူး။ တချို့တွေကတော့ ဒါ အားတခုအနေနဲ့ လက်ခံချင်တယ်။ ဒီလိုမျိုးဟာတွေတော့ ရှိပါတယ်။ တချို့ကျတော့လည်းဗျာ ပါတီက ပါတီဝင်တွေ၊ ပါတီက တာဝန်ရှိတဲ့သူတွေ မသိဘဲနဲ့ ကြိတ်ပြီး အပေးအယူလုပ်တယ်လို့ ယူဆစရာကိစ္စမျိုးတွေ၊ တခြားပါတီနဲ့ အပေးအယူလုပ်တယ်ဆိုတဲ့ ကိစ္စမျိုးတွေလည်း ကျနော်တို့ သတင်းတွေ ဖတ်နေရတာပေါ့ဗျာ။ အဲ့လိုဟာတွေ အားလုံးပေါ်မူတည်ပြီးတော့ ပါတီက သူတို့ဟာသူတို့ စဉ်းစားပြီး လုပ်ကြတယ်လို့ ထင်ပါတယ်။ ဒါကတော့ ဘေးက အကဲခတ်တဲ့သူအနေနဲ့ ပြောတာပါ။

XS
SM
MD
LG