သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးဦးရဲထွဋ်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း


(Credit: U Ye Htut's Facebook)
(Credit: U Ye Htut's Facebook)

အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေထဲက ရုပ်သိမ်းဖို့ ကျန်နေသေးတာတွေကို မြန်မာနိုင်ငံမှာ နောက်အစိုးရသစ် တက်လာပြီး နောက်ပိုင်းမှပဲ လုပ်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း မြန်မာသမ္မတရဲ့ ပြောခွင့်ရ၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ရာ အခြေခံဥပဒေကို ဆိုင်းငံ့ ပြင်ဆင် ဖြည့်စွက်တာတွေ လုပ်ဖို့မလိုဘဲ မိသားစုဝင်တွေကို မြန်မာနိုင်ငံသားခံယူစေခြင်းအားဖြင့် အဆင်ပြေသွားနိုင်တယ်လို့လည်း ဝန်ကြီးဦးရဲထွဋ်က ထောက်ပြသွားပါတယ်။

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရောက်နေတဲ့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်တဲ့ မြန်မာကိုယ်စား လှယ်အဖွဲ့ထဲမှာ အဖွဲ့ဝင်တဦးအဖြစ်ပါလာတဲ့ ဦးရဲထွဋ်ကို သူတည်းခိုတဲ့ဟိုတယ်မှာ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက အင်္ဂါနေ့မနက်ပိုင်း သီးသန့် တွေ့ဆုံ မေးမြန်းထားတာပါ။ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းရေး အလားအလာအကြောင်း မေးခွန်းကို ဝန်ကြီးဦးရဲထွဋ်က အခုလို စဖြေပါတယ်။

ဝန်ကြီး ဦးရဲထွဋ်။ ။ “သူကတော့ ကျနော်တို့နိုင်ငံမှာရှိနေတဲ့ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုတွေနဲ့ ဒီ Sanction နဲ့ သူက ချိတ်ထားတာကို။ ဆိုတော့ ကျနော်ထင်ပါတယ်လေ၊ နောက်အစိုးရသစ် တက်လာပြီးတဲ့အခါမှာတော့ သူတို့ ဒီအပြောင်းအလဲတွေကို မျက်မြင်တွေ့ရှိပြီးတဲ့အခါမှာတော့ ထပ်ပြီးတော့မှ ရုပ်သိမ်းတဲ့ကိစ္စတွေကို လုပ်လိမ့်မယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်။”

မေး။ ။ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုဆိုလို့ တနင်္လာနေ့ အစည်းဝေးမှာလည်းပဲ အမေရိကန်သမ္မတ Barack Obama က မြန်မာနိုင်ငံကို ချီးကျူးသွားပါတယ်။ တခါ ဒီအပြောင်းအလဲ ချောချောမွေ့မွေ့ဖြစ်မယ်လို့ မျှော်လင့်တယ်ဆိုတဲ့ဟာတွေလည်းပဲ ပြောထားတာတွေက ရှိပါတယ်။ ဆိုတော့ အပြောင်းအလဲတွေက ချောချောမွေ့မွေ့ဖြစ်ဖို့ အလားအလာကောင်းပါရဲ့လား ဝန်ကြီး။ ဘာဖြစ်လို့လဲဆိုတော့ အခုအခြေအနေက ကျနော်တို့ ရှမ်းပြည်ဖက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတာတွေလည်း ရှိပါတယ်။ တိုက်ပွဲဖြစ်တာမှ အပစ်ရပ်အဖွဲ့နဲ့ အပစ်ရပ်မထားတဲ့အဖွဲ့နဲ့ ဖြစ်တယ်ဆိုတယ် ဆိုတဲ့အခါကျတော့၊ တပ်မတော်ဘက်ကလည်း ပြောထားတာတွေ ရှိပါတယ်။ ဆိုတော့ ချောချောမွေ့မွေ့ဖြစ်ဖို့အလားအလာ တော်တော်ကောင်းပါပြီလား။

ဝန်ကြီး ဦးရဲထွဋ်။ ။“ချောမွေ့ဖို့အလားအလာ အများကြီးကောင်းပါတယ်။ နှစ်ဘက်စလုံးကလည်း အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်နေတာပေါ့။ သို့သော် သမ္မတကြီးအနေနဲ့ကတော့၊ ဟုတ်လား သေချာသထက် ပိုပြီးတော့ သေချာအောင်လို့၊ တကယ်လို့များ အရေးပေါ်အခြေအနေ တခုနဲ့ ဆုံလို့ရှိရင် သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ဒါ မြန်မာနိုင်ငံမှာနေဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကိုကလည်း ကျနော်တို့အနေနဲ့ ဒီ အသွင်ကူးပြောင်းရေးကို ချောချောမွေ့မွေ့ဖြစ်ဖို့အတွက် ဘယ်လောက် အလေးထားတယ်ဆိုတာ ပေါ်လွင်တာပေါ့။”

မေး။ ။ ဆိုတော့ အသွင်ကူးပြောင်းရေးကို၊ အခုက ရက်ကတော့ သိပ်မလိုတော့ဘူးပေါ့လေ၊ ချောချောမွေ့မွေ့ဖြစ်ဖို့မှာ ဘယ်ကိစ္စတွေက အခယာ၊ ဘယ်ကိစ္စတွေက အဓိကအရေးတကြီး ရှိနေပါသလဲ။

ဝန်ကြီး ဦးရဲထွဋ်။ ။ “အဓိက တာဝန်လွှဲပြောင်းတဲ့ကိစ္စတွေကတော့ ဘာမှ ပြဿနာ မရှိဘူးပေါ့လေ။ သူတို့တာဝန်ယူပြီးရင်၊ သူတို့ဟာသူတို့ ဆက်လုပ်မယ့်အပိုင်းကတော့ သူတို့နဲ့ သူတို့ အပိုင်းပေါ့။ ကျနော်တို့ကတော့ လွှဲတဲ့အထိပဲ ဆိုင်တာပေါ့။ ဆိုတော့ အဓိကကတော့ ကျနော်တို့က ဒီ တာဝန်လွှဲပြောင်းရေးကို ချောချောမွေ့မွေ့ဖြစ်ဖို့ဆိုတာ နံပတ်တစ်ကတော့ နိုင်ငံရေးတည်ငြိမ်မှု ရှိဖို့ လိုတာပေါ့။ နှစ်ကတော့ ကျနော်တို့ ဒီနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုကို ဆက်ပြီး ထိန်းသိမ်းနိုင်ဖို့ လိုတာပေါ့။ ခုနက ပြောသလို၊ ခင်ဗျားပြောတဲ့ တိုက်ပွဲတွေဖြစ်တာက အစ၊ နောက်တခါ လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေဖြစ်တာအလယ်ပေါ့၊ နောက်တခါကျရင်တော့ ခုနကပြောသလို ထိန်းမနိုင်၊ သိမ်းမရ ဖြစ်တာတွေ အဆုံးပေါ့လေ၊ ဒီလိုဟာမျိုးတွေ မဖြစ်အောင် ကျနော်တို့ ဆက်ပြီးတော့ ကာကွယ်ဖို့ လိုတာပေါ့။”

မေး။ ။ ဒါတွေကို ကာကွယ်နိုင်မယ်ဆိုရင်တော့ ချောချောမွေ့မွေ့ လွှဲပြောင်းတဲ့ကိစ္စတွေ ဖြစ်နိုင်မယ်ပေါ့။ ဒီ ထိပ်သီးစည်းဝေးမတိုင်ခင်မှာ သမ္မတဦးသိန်းစိန် ဒီကို မတက်ဖို့ဆုံးဖြတ်တာနဲ့ပတ်သက်ပြီးတော့ ဝန်ကြီးပြောထားတာလဲ ရှိပါတယ်။ ဆိုတော့ အခြေအနေတွေက တချို့ သတင်းတွေရှိတယ်၊ တချို့ ကြားတာတွေရှိတယ်၊ မတည်ငြိမ်နိုင်တယ်ဆိုတဲ့ဟာတွေ ဆိုတော့ အဲဒါကိုများ ဝန်ကြီး နဲနဲလေးထပ်ပြီးတော့ ရှင်းအောင် ပြောပြပေးလို့ရမလား။ ဘယ်လောက်အထိ ကျနော်တို့က စိုးရိမ်စရာ အခြေအနေမျိုးမှာ ရှိနေပါသလဲ။

ဝန်ကြီး ဦးရဲထွဋ်။ ။ “ကျနော်တို့ကတော့ ဒါကြီးကဟို အရမ်းကြီး စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ သို့သော် နိုင်ငံ့ခေါင်းဆောင်တယောက် ဆိုတာကတော့ ဖြစ်နိုင်စရာရှိတဲ့ အလားအလာတွေအားလုံးကို တွက်ချက်ပြီးတော့ ပြင်ဆင်ရတယ်၊ ပြီးရင် လုပ်စရာရှိတဲ့ အလုပ်တွေထဲကနေပြီးတော့ အကျိုး၊ အပြစ်ကို ရွေးတာပေါ့။ အဲဒီလို ရွေးတဲ့အခါမှာတော့ သမ္မတကြီးအနေနဲ့က ကျနော်တို့ရဲ့ ဒီ အသွင်ကူးပြောင်းရေး ကာလရဲ့ ဒုတိယအဆင့်သွားတော့မယ့် ဒီ တာဝန်လွှဲပြောင်းမှုဟာ၊ သမိုင်းဝင်ဖြစ်စဉ် ဖြစ်တယ်။ အဲဒီတော့ ဒီဖြစ်စဉ် မတိုင်ခင်မှာ ကျနော်တို့ ဒီ ပြင်ဆင်နိုင်တာရှိတာတွေအားလုံးကို ပြင်ဆင်ထားဖို့ လိုတယ်။ တကယ်လို့ ဆယ်ရေး တရေး၊ ကိုးရေး တစ်ရာဆိုသလို ဟုတ်လား၊ အရေးပေါ် အခြေအနေပေါ့ဗျာ၊ အရေးပေါ် အခြေအနေဆိုတာက ခုနက ကျနော်ပြောသလိုပဲ သဘာ၀ ဘေးဒဏ်လိုမျိုးကအစ၊ ခုနက လူမျိုးရေး၊ ဘာသာရေး အငြင်းပွားမှုတွေ၊ တိုက်ပွဲတွေဖြစ်တာ အဆုံးပေါ့၊ ဒီလို ကိစ္စတွေကိုများ ဖြစ်ပေါ်လာခဲ့လို့ရှိရင်တော့ အဆုံးအဖြတ်ပေးနိုင်မယ့်လူတယောက်က ရှိနေဖို့လိုတယ်လို့ သမ္မတကြီးက ယူဆတာပေါ့။ ဒါကြောင့်မို့လို့ ဒီ ဦးစားပေး အစီအစဉ်အရ ဟို နိုင်ငံမှာနေဖို့ ရွေးချယ်လိုက်တာပေါ့။ ဒါကြီးက ဖြစ်တော့မှာမို့လို့ သူနေတယ်ဆိုတဲ့ သဘောတော့ မဟုတ်ဘူး။ တဖက်ကကြည့်ရင်တော့လည်း သမ္မတကြီးက ဒီအစည်းအဝေးကို သူကိုယ်တိုင်လည်း တက်ချင်ပါတယ်။ သူ့ရဲ့မိတ်ဆွေတွေ၊ နောက် အိုဘားမားတို့ကိုလည်း သူနှုတ်ဆက်ချင်တာတွေ၊ နောက် မြန်မာနိုင်ငံကို ဆက်ထောက်ခံဖို့ ပြောချင်တာတွေ ရှိတယ်။ သို့သော် ဒီဦးစားပေး နှစ်ခုကို ရွေးတဲ့အခါမှာတော့ ဒီ တာဝန်လွှဲပြောင်းရေး ချောချောမွေ့မွေ့ဖြစ်ဖို့ ဆိုတဲ့ဟာကို ဦးစားပေးလိုက်တဲ့ သဘောပါပဲ။”

မေး။ ။ ဆိုတော့ ပထမတော့ တက်ဖို့လို့ ကျနော်တို့ ကြားထားပြီးတော့မှ နောက်ပိုင်းကျတော့မှ ဆုံးဖြတ်လိုက်တာပေါ့နော်။

ဝန်ကြီး ဦးရဲထွဋ်။ ။ “ဟုတ်ပါတယ်ခင်ဗျ။ ပထမတော့ သူတက်ဖို့ လုပ်ထားပါတယ်။ ဒါပေမယ့် ခုနကပြောသလိုပဲ ကျနော်တို့တွေလည်း သတင်းတွေရနေတာတွေ ရှိတယ်။ ပြင်ဆင်နေတာတွေရှိတယ်။ ဒါတွေအားလုံးကို ချိန်ပြီးတော့မှ နောက်ဆုံးအခြေအနေရောက်တော့မှ ကပ်ပြီးတော့ ဆုံးဖြတ်လိုက်တာပေါ့။”

မေး။ ဒီရက်ပိုင်း ပြည်တွင်းကနေပြီးတော့ တက်တဲ့သတင်းတွေမှာ ဒီ အလွှဲအပြောင်းကိစ္စ ပြောဆို၊ ဆွေးနွေး၊ ညှိနှိုင်းကြတာတွေပေါ့လေ၊ အဓိက တပ်မတော်ပိုင်းနဲ့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပိုင်းထဲမှာ အဖုအထစ်လေးတွေ ရှိနေတယ်ဆိုပြီးတော့ ကျနော်တို့ ကြားထားတာတွေ ရှိပါတယ်။ အဲဒါတွေက ဘယ်လောက်မှန်ပါသလဲ။

ဝန်ကြီး ဦးရဲထွဋ်။ “မဟုတ်ဘူးဗျ၊ သူတို့ နှစ်ဖွဲ့ ဆွေးနွေးနေကြတယ်ဆိုတာက တာဝန်လွှဲပြောင်းရေးနဲ့ မဆိုင်ဘူးလေ။ အမျိုးသားဒီမိုကရေစီအစိုးရက သူတာဝန်ယူပြီးတဲ့အချိန်မှာ သူဆက်လုပ်ချင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ဒါ ဆွေးနွေးတယ်လို့ပဲ ကျနော်တို့ နားလည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတောက လွှတ်တော်ထဲမှာ ၂၅% ပါဝင်နေတဲ့အတွက်ကြောင့်မို့လို့ သူ့ကို ပါတီတခုအနေနဲ့ စဉ်းစားလိုက်မယ်ဆိုရင် ဒုတိယအင်အားအကြီးဆုံး ပါတီတခုလို့ ခင်ဗျား မြင်လို့ရတာပေါ့။ အဲဒီတော့ ဒီ နိုင်ငံရေးအင်အားစု နှစ်ခုကြားမှာ ရှေ့လုပ်ငန်းစဉ်ဆွေးနွေးခြင်းသည် ကျနော်တို့ တာဝန် လွှဲပြောင်းခြင်းနဲ့တော့ ဘာမှ မဆိုင်ပါဘူး။ တာဝန်လွှဲပြောင်းမှုကတော့ တပ်မတော်ကလည်း ပြောထားပြီးသား။ ရွေးကောက်ပွဲရလဒ်ကို လေးစားမယ်၊ ဒီတာဝန် လွှဲပြောင်းတဲ့အခါမှာ သူလည်း အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောထားပြီးသားပဲ။”

မေး။ ။ နောက်သတင်းတခုကတော့ တပ်မတော်ဘက်ကနေပြီးတော့ ပြည်နယ်တိုင်း ဝန်ကြီးချုပ်နေရာ (၄) နေရာ ပေးဖို့ဆိုပြီးတော့ ညှိတယ်၊ နှိုင်းတယ်၊ ပြောတယ်ဆိုတာတွေ ကျနော်တို့ ကြားထားတာတွေ ရှိပါတယ်။ အဲဒါတွေကရော ဘယ်လောက်မှန်ပါသလဲ။

ဝန်ကြီး ဦးရဲထွဋ်။ ဒါတွေကတော့ ကျနော်ထင်တယ်ဗျ၊ သက်ဆိုင်ရာ ကာယကံရှင်တွေက ပြောတာမဟုတ်ဘူးပေါ့လေ။ ဘေးကလူတွေက မှန်းဆပြီးတော့ ပြောတဲ့စကားတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါဟာ မှန်တယ်၊ မှားတယ်ဆိုတာ ကျနော်တို့လည်း ဆုံးဖြတ်ဖို့တော့ ခက်တာပေါ့။

မေး။ ။ နောက်တခုကတော့ လူပြော သူပြောများနေတဲ့ ဖွဲ့စည်းပုံပြင်ရေး၊ ၅၉(စ) စသည်အားဖြင့်ပေါ့လေ၊ ဝန်ကြီးကိုယ်တိုင်လည်း ပြောထားတာ ရှိပါတယ်။ ၅၉(စ) ပြင်ဖို့ကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးသဘောမတူဘူးဆိုတဲ့ပုံမျိုး ဝန်ကြီး ပြောထားတာ ရှိပါတယ်။ အဲဒီတော့ ဝန်ကြီးက သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်း ဖြစ်တဲ့အခါကျတော့ ဒါက သမ္မဦးသိန်းစိန်ရဲ့ သဘောထားလို့ရော နားလည်လို့ ရပါသလားခင်ဗျ။

ဝန်ကြီး ဦးရဲထွဋ်။ မဟုတ်ဘူး၊ ကျနော်တို့က ၅၉(စ) ကို ပြင်ခြင်း၊ မပြင်ခြင်းကို ကျနော်တို့က ပြောတမဟုတ်ဘူး။ ဘယ်ဟာကိုပဲ ပြင်ပြင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြဌာန်းထားတဲ့ ပြင်ဆင်ရမယ့် လုပ်ထုံးလုပ်နည်းအတိုင်းလုပ်ဖို့ကို ကျနော်တို့က ပြောတာ။ ခင်ဗျားပြောတဲ့ ကျနော်တို့ သဘောမတူဘူးဆိုတာက ၅၉(စ) ကို ဆိုင်းငံ့မယ်ဆိုတဲ့ ကိစ္စကို ကျနော်တို့က သဘောမတူဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းထဲမှာ ဆိုင်းငံ့တယ်ဆိုတာ မပါဘူး။ တခါ ဟုတ်လား၊ ဦးကိုနီတို့ ဘာတို့ကလည်း ပြောနေတာတွေ ရှိတယ်။ ၁၉၅၉ ခုနှစ်တုန်းက ဗိုလ်ချုပ်ကြီးနေဝင်း ဆက်တာဝန်ယူဖို့အတွက် လုပ်ခဲ့တယ်၊ ဆိုင်းငံ့ခဲ့တယ်ဆိုတာလည်း အဲဒါလဲ လုံးဝမှားတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ အဲဒီတုန်းက သမိုင်းအဆိုတွေကို ပြန်ကြည့်မယ်ဆိုရင်၊ လွှတ်တော်ရဲ့ပြင်ဆင်ချက်မှာ တခါမှ ဆိုင်းငံ့တယ်ဆိုတာ မပါဘူး။ ပြင်ဆင်တယ်။ ဘာဘဲပါသလဲဆိုတော့ ဒီ ပြင်ဆင်တဲ့ဟာကို အချိန်ကာလ သတ်မှတ်ချက် ထည့်လိုက်တယ်။ နောက်ထပ် ရွေးကောက်ပွဲကနေပြီးတော့မှ ပေါ်ပေါက်လာတဲ့ ဝန်ကြီးချုပ်က တာဝန်မယူခင်အထိ ဒီလို ပြင်မယ်လို့ ပြောတာ။ ဆိုင်းငံ့တယ်ဆိုတဲ့စကား မပါဘူး။ အဲဒီပြင်ဆင်ချက်ကို အဆိုတင်သွင်းခဲ့တုန်းက တင်ခဲ့တဲ့လူကလည်း ဦးကျော်ငြိမ်း။ ဦးကျော်ငြိမ်းရဲ့ အဲဒီတုန်းက တင်သွင်းတဲ့ မိန့်ခွန်းကို ခင်ဗျားတို့ ဖတ်ကြည့်မယ်ဆိုရင် ဆိုင်းငံ့တယ်ဆိုတဲ့စကား မသုံးပါဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်းငံ့တယ်ဆိုတာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ မပါတဲ့အတွက်ကြောင့်မို့လို့ သူက ဆိုင်းငံ့တယ်လို့ မသုံးဘူး။ ဒါကို ပြင်ဆင်ချက် ဥပဒေကြမ်းလို့ပဲ သုံးပါတယ်ဆိုပြီး သူကိုယ်တိုင်ကကို ရှင်းပြထားတာ ရှိတယ်။ ဒါကြောင့်မို့လို့ ပြန်ချုပ်ပြောရရင်တော့ ပြင်ခြင်း၊ မပြင်ခြင်းကို ကျနော်တို့ ဘာမှမပြောဘူး။ ဒါက လွှတ်တော်နဲ့ ပြည်သူတွေရဲ့ အဆုံးအဖြတ်ပဲ။ သို့သော် ပြင်ပြီဆိုလို့ရှိရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲကအတိုင်း ပြင်တာကိုပဲ ကျနော်တို့က လိုလားတယ်။ မဟုတ်ပဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တားမထားလို့ လုပ်လို့ရတယ်ဆိုတဲ့ လိုရာဆွဲတွေးတာမျိုးသည် နိုင်ငံရဲ့အနာဂတ်အတွက် အန္တရာယ်ကြီးတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က ဆန့်ကျင်တယ်လို့ ပြောတာ။

မေး။ ။ ဟုတ်ကဲ့။ ဖွဲ့စည်းပုံ ပြင်ရေးဆိုလို့ ဝန်ကြီး၊ ဖွဲ့စည်းပုံ ဒီ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ကမ္ဘာပေါ်မှာ အပြင်ရအခက်ဆုံး အခြေခံဥပဒေဖြစ်တယ် ဆိုပြီးတော့ ဒီ အခြေခံဥပဒေရေးရာကျွမ်းကျင်တဲ့ ပညာရှင်တွေက ထောက်ပြထားတာတွေ ရှိပါတယ်။ ဆိုတော့ ပြင်ရေး အလားအလာကရော ဝန်ကြီး၊ ဘယ်လောက်များ အလားအလာ ကောင်းနိုင်ပါမလဲ။

ဝန်ကြီး ဦးရဲထွဋ်။ အခက်ဆုံးလို့တော့ ပြောလို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျား အမေရိကန်မှာရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်တဲ့နည်းလမ်းကလည်း ခက်တာပဲလေ။ ပြည်နယ်တွေ၊ ပြည်နယ်လွှတ်တော်တွေမှာ မဲလိုက်ခွဲပြီးတော့မှ ပြည်နယ်အားလုံးရဲ့ ၃ ပုံ ၊ ၂ ပုံက သဘောတူမှ ပြင်လို့ရတာ။ အဲဒီတော့ အခက်ဆုံးလို့တော့ ပြောလို့မရဘူးပေါ့နော်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျနော်တို့ ၄၇ ခုနှစ် ဖွဲ့အစည်းပုံအခြေခံဥပဒေရဲ့ သင်္ခန်းစာအပေါ်မှာ မူတည်ပြီးတော့မှ လွှတ်တော်ထဲမှာ အများစုရတဲ့ ပါတီတခုထဲရဲ့ သဘောနဲ့ ပြင်လို့မရအောင် လုပ်ထားတာပေါ့။ အဲဒီတော့ ပြင်ချင်တယ်ဆိုရင်တော့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်တဲ့သူတွေ အားလုံးကြားမှာ သဘောတူညီချက် တခုရအောင် လုပ်ရမှာပေါ့လေ။ တကယ်တော့ ဒါကလည်း နိုင်ငံရေးရဲ့ အနှစ်သာရဘဲလေ။

မေး။ ။ ဝန်ကြီး ဟိုတလောလေးကတင် ပြောပါတယ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒီ NLD အနေနဲ့ပေါ့နော်၊ တပ်မတော်အပေါ် သဘောထား၊ တပ်မတော်နဲ့ ဆက်ဆံရေးကောင်းအောင်လုပ်ဖို့လိုတယ် ဆိုတဲ့သဘောမျိုး ကျနော် အဲဒီလို နားလည်ပါတယ်။ ဆိုတော့ တပ်မတော်နဲ့ NLD အကြား ဆက်ဆံရေးဟာ အခုလက်ရှိ ဒီကနေ့ဖြစ်နေတဲ့ အခင်းအကျင်းတွေအရပေါ့လေ ဆက်ဆံရေးကောင်း၊ တိုင်းပြည်အနာဂတ်အတွက် စိတ်ချရတဲ့ အလားအလာကောင်းလို့ ကျနော်တို့ ပြောနိုင်ပါပြီလားခင်ဗျ။

ဝန်ကြီး ဦးရဲထွဋ်။ ။ ဒါပေမဲ့ အဲဒါကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပေါ်မှာပဲ မူတည်တာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တပ်မတော်ကို ပြုပြင်ပြောင်းလဲရေးရဲ့ လက်တွဲဖော်အနေနဲ့ မြင်လို့ရှိရင်၊ လုပ်ဖော်ကိုင်ဖက်အနေနဲ့ မြင်လို့ရှိရင် ညှိရ၊ နှိုင်းရတာ လွယ်မှာပေါ့။ လုပ်ဖော်ကိုင်ဖက်အနေနဲ့ မမြင်ဘဲနဲ့ အတားအဆီးတခုအနေနဲ့ မြင်ပြီးတော့မှ ဖယ်ထုတ်ဖို့ကြိုးစားမယ် ဆိုရင်တော့ ညှိနှိုင်းရတာ ခက်မှာပေါ့။ ကျနော်တို့ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လက်ရှိအခြေအနေမှာတော့ တပ်မတော်ကို နိုင်ငံရေးအင်အားစုတခုအနေနဲ့ မြင်ပြီးတော့မှ ညှိနှိုင်းဆွေးနွေးခြင်းကပဲ အဖြေမှန်၊ ရလဒ်ကောင်း ရမယ်လို့ ကျနော်မြင်တယ်။

မေး။ ။ တပ်မတော်ဘက်ကရော၊ သိပ်သဘောထားတင်းမာတဲ့ အလားအလာမျိုးတွေများ ရှိပါသလား။

ဝန်ကြီး ဦးရဲထွဋ်။ တပ်မတော်ကတော့ဗျာ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောခဲ့တာတွေလည်း အများကြီးရှိပါတယ်။ သူက ကျနော်တို့ ဒီ သမ္မတကြီး ဦးသိန်းစိန်အစိုးရ လက်ထက်မှာရော၊ နောင်မှာရော သူသည် ဖွဲ့စည်းပုံအခြေခံဥပဒေက သူ့ကိုပေးထားတဲ့ အခန်းကဏ္ဍအတိုင်းပဲ သူနေမှာပဲ။ အဲဒီထက်လည်း ပိုလုပ်မှာမဟုတ်ဘူး။ အဲဒီထက်လည်း လျော့ပြီးတော့ လုပ်မှာမဟုတ်ဘူး။ အဲဒီတော့ တပ်မတော်ရဲ့ ရပ်တည်ချက်ကတော့ ကျနော်တို့ ရှင်းတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လုပ်နေသ၍ ကာလပတ်လုံးမှာ တပ်မတော်အနေနဲ့ ဒီကိစ္စတွေမှာ သူက ပူးပေါင်းဆောင်ရွက်ပေးနေမှာပဲ။

မေး။ ။ ကျနော် နောက်တခု ပွင့်ပွင့်လင်းလင်းတခု မေးချင်ပါတယ်။ ရွေးကောက်ပွဲကျင်းပတယ်၊ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မျှော်လင့်မထားလောက်အောင်ပဲ ရာခိုင်နှုန်းအတော်များများနဲ့ အနိုင်ရတယ်။ ဆိုတော့ မဲဆန္ဒရှင်တွေရဲ့ သဘောထားက ထင်ရှားတယ်လို့ အများစုက သုံးသပ်ကြပါတယ်။ ဆိုတော့ ကျနော် ဝန်ကြီးကို၊ ဝန်ကြီးရဲ့ သဘောထားရော၊ အစိုးရအဖွဲ့ရဲ့ သဘောထားရော ခြုံပြီးမေးချင်တာက မဲဆန္ဒရှင်အများစုက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့ခေါင်းဆောင် ဖြစ်စေချင်ပါတယ်။ အခုလက်ရှိ အလားအလာက ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့ခေါင်းဆောင်ဖြစ်ဖို့ အလားအလာ၊ လူထုမဲဆန္ဒရှင်တွေ ဘယ်လောက်အထိ မျှော်လင့်လို့ရပါသလဲ ခင်ဗျ။

ဝန်ကြီး ဦးရဲထွဋ်။ ။ တကယ်တော့ဗျာ၊ ဟုတ်လား၊ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့အကြီးအကဲဖြစ်ဖို့ဆိုတာ ၅၉(စ) တွေဘာတွေလည်း ပြင်ဖို့မလိုပါဘူး။ တကယ်တမ်း ကျနော့်ရဲ့ သုံးသပ်ချက် ထောက်ပြရမယ်ဆိုရင်၊ သူ့ရဲ့သား (၂) ယောက်နဲ့ ချွေးမရှိမယ်ဆိုရင်၊ ချွေးမ (၂) ယောက်၊ လူ (၄) ယောက်ပဲ မြန်မာနိုင်ငံသားခံယူလိုက်လို့ရှိရင် ဒီပြဿနာတွေအားလုံး ပြေလည်သွားမှာပါ။ ဘာမှ ကျနော်တို့ ဒါကြီးကို ၅၉(စ) တွေလာတွေလည်း ပြင်ဖို့ မလိုပါဘူး။ အဲဒီတော့ လူ (၄) ယောက်ရဲ့ အဆုံးအဖြတ်နဲ့ လုပ်တာကတော့ ပိုပြီးတော့ကောင်းတာပေါ့ဗျာ။ ဒါကြီးကို အဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးလို့ ပြောဖို့တောင် မလိုပါဘူး။ တကယ်တန်း သူ့သားသမီးတွေအနေနဲ့ သူတို့ရဲ့မိခင် သမ္မတဖြစ်တာ လိုချင်လို့ရှိရင် ၁၉၈၂ ခုနှစ် ဥပဒေအရ မြန်မာနိုင်ငံသား လျှောက်ထားလိုက်ယုံပါဘဲ။

မေး။ ဒါပေမဲ့လည်းဝန်ကြီး အရွယ်ရောက်ပြီးသား လူတွေအနေနဲ့ ကလေးတွေလည်း မဟုတ်တဲ့အခါကျတော့ ဒီလိုမျိုး သူတို့ရဲ့ကိုယ်ပိုင် ဘဝပေါ့လေ၊ ကိုယ်ပိုင်ဘဝကို စွန့်လွှတ်ပြီးတော့ ပေးဆပ်ရမယ်ဆိုတာကရော၊ မျှတတယ်လို့ ပြောလို့ရပါ့မလား။

ဝန်ကြီး ဦးရဲထွဋ်။ ။ သူတို့ရဲ့မိခင် ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်း (၂၀) ကျော် စွန့်လွှတ်ခဲ့ပြီးပြီ။ သူ့အမေ အုပ်ချုပ်တဲ့နိုင်ငံမှာ သူမနေချင်ဘူးဆိုရင်တော့၊ နိုင်ငံသားမခံယူဘူးဆိုရင် ဒါက သူတို့ရဲ့ မိသားစုပြဿနာပဲ။ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာ မဟုတ်ဘူး။

မေး။ ။ ဝန်ကြီးကိုယ်တိုင်အနေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ပုဂ္ဂိုလ်ရေးအမြင် ဘယ်လိုရှိပါသလဲ ခင်ဗျ။

ဝန်ကြီး ဦးရဲထွဋ်။ ။ ကျနော် ပုဂ္ဂိုလ်ရေးအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ခင်မင်စရာကောင်းတယ်။ လေးစားစရာကောင်းတယ်။ သူ့ရဲ့ စိတ်ဓါတ်ခိုင်မာမှုပေါ့နော်၊ ဒါတွေလည်း ကျနော်တို့ လေးစားပါတယ်။ အဲ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် တချို့ကိစ္စတွေမှာတော့ အမကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် သဘောထား မတူတာတွေ ရှိပါတယ်။ ဒါကလည်း တကယ်ကျတော့လည်း ဒီမိုကရေစီမှာတော့ ဒီလိုပဲ ဖြစ်မှာပေါ့လေ။

မေး။ ။ နောင်အစိုးရအသစ်အတွက် ဝန်ကြီးအနေနဲ့ အပေးချင်ဆုံး အကြံဉာဏ်ပေါ့လေ၊ တစ်ခု၊ နှစ်ခု၊ သုံးခုရှိတယ်ဆိုရင် နဲနဲပြောပြပါလား ဝန်ကြီး။

ဝန်ကြီး ဦးရဲထွဋ်။ ။ အခုကတော့ဗျာ၊ ဘာဘဲပြောပြော ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူလူထုရဲ့ Mandate ကို သူတို့ ရထားပြီပေါ့လေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့။ အဲဒီတော့ အဲဒီ Mandate ကို အသုံးပြုတဲ့အခါမှာတော့ ကိုယ်ဖြစ်ချင်တာရယ်၊ ဖြစ်နိုင်တာရယ်၊ နောက်တခါ ကျနော်တို့နိုင်ငံရဲ့ ထူးခြားတဲ့အခြေအနေတွေရယ်၊ ဒါတွေကို ထည့်သွင်းစဉ်းစားပြီးတော့ လုပ်ဖို့ အကြံးပြုချင်တာပေါ့။ တကယ်တော့လည်း ဒေါ်အောင်ဆန်းစုကြည် အခုချိန်ထိ ကိုင်တွယ်ဆောင်ရွက်နေတာတွေကတော့ အဲဒီလိုမျိုး ထည့်သွင်းစဉ်းစားပြီး လုပ်နေတယ်လို့ ကျနော်တို့ မြင်ပါတယ်။

မေး။ ။ NLD ဦးဆောင်တဲ့ အစိုးရသည် မြန်မာနိုင်ငံကို အခုဝန်ကြီးတို့အစိုးရချခဲ့တဲ့ အခြေခံအပေါ်မှာ အခိုင်အမာရပ်တည်ပြီးတော့ ဒီထက်ဒီ ပိုပြီးတော့ တိုးတက်သွားအောင်၊ ရှေ့ရောက်သွားအောင် ဒေသတွင်းမှာ၊ နိုင်ငံတကာမှာ၊ ပြောရရင်တော့ နိမ့်ပါးခဲ့တဲ့ နိုင်ငံအနေနဲ့ နောင် (၅) နှစ်ကြာတဲ့အခါမှာ ဒီထက်ပိုပြီးတော့ ရှေ့ရောက်သွားအောင် လုပ်နိုင်မယ်လို့ ဝန်ကြီးကိုယ်တိုင် အခိုင်အမာ ယုံကြည်ပါသလားခင်ဗျ။

ဝန်ကြီး ဦးရဲထွဋ်။ ။ ကျနော့်အမြင်အရပေါ့ဗျာနော်၊ ဘယ်အစိုးရမဆို တာဝန်ယူပြီဆိုရင်တော့ နိုင်ငံနဲ့ လူမျိုးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ကြမှာပဲပေါ့။ ကျနော်တို့ အစိုးရကတော့ စံနစ်ဟောင်းကနေ စံနစ်သစ်ကို လုပ်ကြတဲ့အခါမှာ ကျနော်တို့က အခြေခံကိုပဲ ကျနော်တို့က ပြုပြင်ပြောင်းလဲပေးနိုင်တာပေါ့။ အဲဒီတော့ လက်ရှိကတော့ အခြေအနေကောင်းလဲ ရနေပြီ။ နောက်တခါ နိုင်ငံတကာကလည်း ကူညီမယ့်သူတွေ ရှိနေပြီ။ ပြည်တွင်းမှာလည်း ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုတွေ ရနေပြီဆိုတော့ ဒီအခြေအနေကိုသာ မှန်မှန်ကန်ကန် ကိုင်တွယ်အသုံးချနိုင်မယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံသည် နောက် (၅) နှစ်မှာ ပိုပြီးတော့မှ တည်ငြိမ် အေးချမ်းတဲ့၊ ပိုပြီးတော့မှ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ် ရောက်မယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်။

XS
SM
MD
LG