သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဗွီအိုအေသတင်းထောက်ရဲ့ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းပြင်ဆင်မှု အတွေ့အကြုံ


မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စီစဉ်ပေးမှုနဲ့ ပြည်တွင်းပြည်ပ သတင်းထောက်အဖွဲ့ ရခိုင်မြောက်ပိုင်း ကို ရောက်ရှိ။ (ဧပြီ ၂၄-၂၀၁၈)

ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်ထဲက ဒုက္ခသည်တွေကို ယာယီလက်ခံမယ့် လှဖိုးခေါင်စခန်းမှာ လုံခြုံရေးပြင်ဆင်မှုအပြင် လာမယ့်ဒုက္ခသည်တွေအတွက် ကျန်းမာရေး လူမှုဖူလုံရေး နိုင်ငံသားစီစစ်ရေးတွေကို ဆောင်ရွက်ဖို့ ပြင်ဆင်ထားတာတွေ တွေ့ခဲ့ရတယ်လို့ လှဖိုးခေါင်စခန်းကို ရောက်ခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကပြောပါတယ်။ ဒါပေမယ့် အနီးအနားမှာရှိတဲ့ မွတ်ဆလင်ကျေးရွာဟောင်းတွေမှာ အပျက်အစီးတွေ ရွာပျက်ကြီးတွေအဖြစ်ရှိနေဆဲဖြစ်သလို၊ အချို့နေရာတွေမှာ လမ်းဖောက်လုပ်သားတွေ ၀င်ရောက်နေထိုင်လုပ်ကိုင်နေကြတာမျိုး တွေ့ရတယ်လို့ဆိုပါတယ်။

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စီစဉ်ပေးမှုနဲ့ သတင်းထောက်အဖွဲ့ ရခိုင်မြောက်ပိုင်း ကို ရောက်ရှိနေရာမှာ၊ အဲဒီ အဖွဲ့ထဲ ပါသွားတဲ့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းခဲ့တာပါ။

ကိုမိုးဇော်။ ။လှဖိုးခေါင်စန်းပေါ့လေ အဲ့ဒီ့စခန်းကတော့ မောင်တောမြို့နဲ့ သိပ်မလှမ်းမကမ်းမှာပဲ ရှိပါတယ် လောလောဆယ် ကျနော်တို့ သွားရောက်တဲ့ အချိန်မှာတော့ အဆောက်အဦးက ဆောက်လုပ်နေဆဲတွေလည်းရှိပါတယ်။ အဆောက် အဦးတော်တော်များများကတော့ ပြီးစီးထားပြီပေါ့လေ။ အဲ့ဒီ့မှာ လူသုံးသောင်းလောက်ကို ခြောက်လလောက် ယာယီလက်ခံဖို့ စီစဉ်ထား တယ်လို့ပြောပါတယ်ဗျ။ တာဝန်ရှိသူ တဦးကပြောပါတယ်။ အဲ့ဒီ့ကနေပြီးတော့မှ သက်ဆိုင်ရာကျေးရွာတွေ အလိုက် အိမ်ယာဆောက်လုပ်မှုတွေကို စီစဉ်ဆောက်လုပ်ပြီးတော့မှ စီစဉ်ထား တယ်လို့ပြောပါတယ်။

ကိုသားညွန့်ဦး။ ။ တလောတုန်းကမှ ကုလက လက်ထောက်အတွင်းရေးမှူးတဦး အဲ့ဒီ့စခန်းလှဖိုးခေါင်ကို ရောက်ပါတယ်။ ရောက်ပြီးတော့ သူပြောတာက တကယ်တမ်း ဒုက္ခသည်တွေ ပြန်လာဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ပြောပါတယ် လုံခြုံရေးအခြေအနေပေါ့လေ မဖြစ်သေးဘူးလို့ပြောတယ် အဲ့တာက ဘယ်လောက်မှန်နိုင်သလဲ ကိုမိုးဇော် လေ့လာကြည့်သလောက်ပေါ့။

ကိုမိုးဇော်။ ။တဘက်နဲ့တဘက် အမြင်မတူတာတော့ ရှိနိုင်မယ်ထင်ပါတယ်။ ကျနော်တို့ ဒီကနေ့မနက်မှာပဲ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးကို အဲ့ကိစ္စနဲ့ပတ်သက်ပြီး မေးပါတယ်။ ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးလာတဲ့ကာလမှာတုန်းက သူတို့လည်း လိုက်လံပြခဲ့တယ်။ အဲ့အချိန်တုန်းကတော့ သူတို့ကို တစုံတရာပြန်ပြီးတော့ ကွန်ပလိမ်း လုပ်တာ စောဒကတက်တာ မရှိခဲ့ဘူး ဒါပေမဲ့ သူက ပြန်သွားပြီးတဲ့အချိန်မှာမှ အဆင်သင့် မဖြစ်သေးဘူးလို့ပြောတဲ့အပေါ်မှာတော့ သူတို့ နားမလည်ဘူးပေါ့။ သူတို့ရဲ့စံ သတ်မှတ်ချက်တွေနဲ့ ကျနော်တို့ရဲ့ စံသတ်မှတ်ချက်တွေ ကွဲလွဲမှုတော့ ရှိနိုင်တယ်လို့ သဘောမျိုး သူပြောပါတယ်။ လုံခြုံရေးအနေနဲ့ကတော့ မောင်တောခရိုင်ထဲမှာ ရဲတပ်ဖွဲ့အင်အားတွေ အကုန်ချထားတယ်။ လုံခြုံရေးတွေံအတွက်ကတော့ အားလုံးစီစဉ်ထားပါတယ်ဆိုတဲ့ဟာကိုတော့ သူပြောပြပါတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ အရင် မူဆလင်ရွာသားတွေ နေထိုင်ခဲ့တဲ့ ကျေးရွာဘက်တွေကိုရော ရောက်ပါလားခင်ဗျ။

ကိုမိုးဇော်။ ။ ဟုတ်ကဲ့ ကျနော်တို့ ဖြတ်သွားတဲ့လမ်းတလျောက်မှာတော့ ရွာတွေ တော်တော်များများကို ဖြတ်သွားခဲ့ပါတယ်။ တချို့ရွာတွေကတော့ မီးလောင်ပြင်တွေထဲမှာ ရွာပျက်ကြီးတွေလိုဖြစ်နေတယ်။ သိသိသာသာ သတိထားမိတဲ့နေရာတခုကတော့ ရွှေခါးရွာဆိုရင် လူတွေပြန်ပြီးတော့ နေထိုင်တယ်။ မူဆလင်အများစုနေထိုင်တဲ့ရွာဆိုတော့ မူဆလင်တွေ ပုံမှန်အတိုင်း သွားလာနေထိုင်နေတာကို ကျနော်တို့ ကားပေါ်ကနေ တွေ့ခဲ့ရပါတယ်။

ကိုသားညွန့်ဦး။ ။ ခုနက ရွာပျက်ကြီးတွေ ပျက်နေတဲ့နေရာတွေမှာရော အဆောက်အဦးတွေ ပြန်ဆောက်တာတွေ ပြင်ဆင်တာတွေ ဒါမှမဟုတ်ရင် တပ်က နေရာယူထားတာတွေ ဒါတွေကိုရော တွေ့မိလား။

ကိုမိုးဇော်။ ။ အဲ့တာမျိုးတော့ ကျနော်တို့ဖြတ်လာတဲ့နေရာတွေမှာ မတွေ့ဘူး ဒါပေမဲ့ လမ်းတိုးချဲ့မယ့် အစီအစဉ်မျိုးနဲ့ အဲ့ဒီ့နေရာတွေ တွေ့ရတယ်။ နောက်ရွာဟောင်းနေရာတွေ မှာ လမ်းဖောက်လုပ်တဲ့နေရာတွေမှာ ဆောက်လုပ်ရေး လုပ်ငန်းလုပ်နေတဲ့သူတွေ ဝင်ပြီးတော့မှ အလုပ်လုပ်ကိုင်နေတာတွေ့ရတယ်။

ကိုသားညွန့်ဦး။ ။ အဲ့တာက ဆောက်လုပ်ရေးလုပ်သားတွေပဲပေါ့နော် တပ်ကပဲဖြစ်ဖြစ် လုံခြုံရေးဝန်ထမ်းတွေရော ရှိတာ ရှိလား။

ကိုမိုးဇော်။ ။ အဲ့လိုမျိုးတော့ ထူးထူးခြားခြားကြီး မတွေ့ရဘူးခင်ဗျ။

ကိုသားညွန့်ဦး။ ။ မြန်မာဘက်ကနေ ဒုက္ခသည်တွေကို စပြီး လက်ခံမယ်ဆိုတဲ့ အနေထားပေါ့နော် သူတို့ဘက်က အဆင့်သင့်လို့ပြောတာ တကယ်ပဲ အဆင်သင့်ဖြစ်ပြီလား ကိုမိုးဇော် ဒီစခန်းတွေကို ကြည့်ရသလောက်။

ကိုမိုးဇော်။ ။ ဒီပြန်လာမယ့်သူတွေကို လက်ခံမယ့်နေရာပေါ့နော် အခု အဲ့စခန်းတွေမှာ တော်တော်လေးပြင်ဆင်ထားတာတွေကို တွေ့ရပါတယ်ခင်ဗျ။ တွေ့ရတယ်ဆိုတာ အဲ့မှာဆိုလို့ရှိရင် ရဲတပ်ဖွဲ့ဘက်က လုံခြုံရေးပိုင်းအရ ဆောင်ရွက်နေတဲ့အပိုင်းတွေ နောက် လူဝင်မှုကြီးကြပ်ရေးက စစ်ဆေးနေတဲ့အပိုင်းတွေ ကျန်းမာရေးအရရော နောက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဌာနက ဆောင်ရွက်ပေးနေတဲ့ အပိုင်းတွေကတော့ အားလုံးပြင်ဆင်ထားတဲ့သဘောတွေရှိပါတယ်။ ကျနော်တို့ကို အဲ့ကိစ္စတွေ ရှင်းပြပါတယ်။

လှဖိုးခေါင်စခန်းပိုင်းမှာကျတော့ အဓိကကတော့ အိမ်သာတွေ ရေတွင်းတွေ အဝီစိတွင်းတွေပေါ့လေ တအိမ်ထောင်ကို တတွင်းနှုန်းနဲ့ တူးထားတာတွေ မြင်တွေ့ခဲ့ရပါတယ်ခင်ဗျ။ ဒါပေမဲ့ ဒီအဆောက်အဦးပုံစံတွေကတော့ ယာယီနေမယ့်အဆောက်အဦးပုံစံမျိုးတွေပဲ တွေ့ရပါတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့ခင်ဗျ နောက်ပိုင်းထူးခြားချက်တွေကိုလည်း ကိုမိုးဇော်ကို ထပ်ပြီးတော့ မေးပါဦးမယ်ခင်ဗျ။ ကျေးဇူးပဲ ကိုမိုးဇော်ရေ။

ဗွီအိုအေသတင်းထောက်ရဲ့ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းပြင်ဆင်မှု အတွေ့အကြုံ
please wait

No media source currently available

0:00 0:04:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG