အိုင်ဗရီကို့စ်နိုင်ငံမှာ လက်ရှိ သမ္မတ လောရင့်ဘက်ဘို နေထိုင်ရာ အိမ်ဝန်းအတွင်းကို ကုလသမဂ္ဂနဲ့ ပြင်သစ်တပ်တွေက ထပ်မံတိုက်ခိုက်ခဲ့ကြပါတယ်။ တနင်္ဂနွေနေ့မှာ အဘိုင်ဂျန်က မစ္စတာ ဘက်ဘိုရဲ့ နေအိမ်ဝန်းကို ကုလသမဂ္ဂနဲ့ ပြင်သစ်က ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ အိုင်ဗရီကို့စ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ပြောခွင့်ရသူက ပြောပါတယ်။
မျက်မြင်သက်သေတွေကလည်း နေအိမ်ဝန်းရှိရာနေရာမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေနဲ့အတူ မီးခိုးလုံးတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ အခုလို ပစ်ခတ်တာဟာ မစ္စတာ ဘက်ဘိုရဲ့ သစ္စာခံတပ်တွေ အရပ်သားတွေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေမှုကို တားဆီးနိုင်အောင်လို့ လုပ်ဆောင်တာလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။
ဒါ့အပြင် အိုင်ဗရီကို့စ်နိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတွက် အထူးစိုးရိမ်ကြောင်းလည်း ပြောပါတယ်။ အရပ်သားတွေဟာ တိုက်ပွဲတွေရဲ့ဒဏ်ကို ခံစားနေကြရတာမို့ အပစ်အခတ်တွေ ချက်ချင်းရပ်ဆိုင်းဖို့နဲ့ မစ္စတာ ဘက်ဘို ချက်ချင်းနုတ်ထွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာ အသိအမှတ်ပြု သမ္မတ အလက်စဲန်း ဝါထရာရဲ့ တပ်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက သမ္မတနန်းတော်ကို တိုက်ခိုက်နေပေမဲ့ မစ္စတာ ဘက်ဘို နုတ်ထွက်ပေးဖို့အတွက် အခုထိ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ မစ္စတာ ဘက်ဘိုက မစ္စတာ ဝါထရာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ အနိုင်ရတယ် ဆိုတာကို အသိအမှတ်မပြုဘဲ သူ့ရဲ့ ရာနဲ့ချီတဲ့ သစ္စာခံတပ်သားတွေနဲ့ နေအိမ်ဝန်းထဲကနေ ပြန်ပြီးခုခံနေတာဖြစ်ပါတယ်။