သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း ဘက်ဘိုကို ဥပဒေကြောင်းအရ အရေးယူမည်


သမ္မတဟောင်း ဘက်ဘိုကို ဥပဒေကြောင်းအရ အရေးယူမည်

အဖမ်းခံထားရတဲ့ အိုင်ဗရီကို့စ် သမ္မတဟောင်း ဘက်ဘိုကို ဥပဒေကြောင်းအရ အရေးယူ ကိုင်တွယ်သွားဖို့ အတွက် တရားရေးဝန်ကြီးကို တိုက်တွန်းသွားမယ်လို့ အိုင်ဗရီကို့စ် သမ္မတအဖြစ် အရွေးခံထားရသူ အလာစဲန်း ၀ါထရာ (Alassane Ouattara) က ပြောလိုက်ပါတယ်။ တနင်္လာနေ့နှောင်းပိုင်းက နိုင်ငံအ၀ှမ်းကို ပြောကြားတဲ့ ရုပ်သံမိန့်ခွန်းထဲမှာ မစ္စတာ ၀ါထရာက အခုအချိန်ဟာ အိုင်ဗရီကို့စ်ပြည်သူတွေ မျှော်လင့်ထားတဲ့ ခေတ်သစ်ကို ရောက်နေပါပြီလို့ ပြောသွားပါတယ်။

တိုင်းပြည်အ၀ှမ်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပုံမှန်အခြေအနေတွေ ပြန်ဖြစ်လာစေဖို့အတွက် ပြည်သူတွေအနေနဲ့ ငြိမ်ငြိမ်သက်သက် နေပေးကြဖို့ကိုလည်း မစ္စတာ ၀ါထရာက တိုက်တွန်းပါတယ်။ အခုအချိန်ဟာ ပြန်လည် သင့်မြတ်ရေးနဲ့ ခွင့်လွှတ်သင်ပုန်းချေရေးအတွက် သမိုင်းပြန်ရေးရမယ့် အခွင့်အလမ်းအချိန်အခါ ဖြစ်တယ် လို့လည်း သူက ပြောသွားပါတယ်။

တိုင်းပြည်အတွင်းမှာ တိုက်ခိုက်မှုတွေကို အဆုံးသတ်ကြဖို့ကို မစ္စတာ ဘက်ဘိုက အစောပိုင်းက မေတ္တာရပ်ခံ သွားပါတယ်။ အဘိုင်ဂျန်မှာရှိတဲ့ သမ္မတအိမ်တော်ဝင်း အတွင်း မစ္စတာဘက်ဘိုကို မစ္စတာ ၀ါထရာရဲ့ တပ်တွေက ဖမ်းမိပြီးနောက် နာရီပိုင်းအတွင်းမှာပဲ မစ္စတာ ၀ါထရာရဲ့ TCI ရုပ်သံလိုင်းမှာ မစ္စတာဘက်ဘိုကို တနင်္လာနေ့က ခဏ မြင်လိုက်ရပါတယ်။

မစ္စတာ ဘက်ဘိုရှိရာ သမ္မတ အိမ်တော်ကို ပြင်သစ်နဲ့ ကုလသမဂ္ဂ ရဟတ်ယာဉ်တွေက တိုက်ခိုက်ခဲ့ပြီးနောက် ၀ါထရာရဲ့ တပ်တွေနဲ့ ပြင်သစ်အထူးတပ်ဖွဲ့တွေက အဲဒီဝင်းကို ၀င်ရောက် စီးနင်းခဲ့ပါတယ်။ အဲဒီမှာပဲ မစ္စတာ ဘက်ဘိုကို သူရဲ့အခြားသစ္စာခံ တပ်ဖွဲ့ဝင်အချို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲအတွင်း မစ္စတာ ၀ါထရာ အနိုင်ရခဲ့တာကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အသိအမှတ်ပြုခဲ့ပေမဲ့လို့ မစ္စတာဘက်ဘိုက အာဏာလွှဲပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ အခုတော့ မစ္စတာဘက်ဘိုနဲ့ ဇနီးဖြစ်သူတို့ကို မစ္စတာ ၀ါထရာရဲ့ ဌာနချုပ်လုပ်နေတဲ့ ဂေါ့ဖ်ဟိုတယ်မှာ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

XS
SM
MD
LG