သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ရှိသမ္မတကို သပိတ်မှောက်ရေး အိုင်ဗရီကို့စ် လုပ်သားအများစု စိတ်မ၀င်စား


အိုင်ဗရီကို့စ် သမ္မတ လောရင့် ဘဂ်ဘို။ ဒီဇင်ဘာ ၂၆၊ ၂၀၁၀။

အိုင်ဗရီကို့စ်နိုင်ငံ သမ္မတ လောရင့် ဘဂ်ဘို (Laurent Gbagbo) အာဏာစွန့်အောင် တနင်္လာနေ့မှာ သပိတ်မှောက်ကြဖို့ လှုံ့ဆော်ထားချက်ကို အဓိကမြို့ကြီး ဖြစ်တဲ့ အဘစ်ဂျန် (Abidjan) မှာ အလုပ်သမား အများစုက လျစ်လျူပြုထားလိုက်ကြပါတယ်။

အာဏာလက်ရှိ သမ္မတ မစ္စတာ ဘဂ်ဘို အာဏာက ဆင်းပေးဖို့ ရွေးကောက်ပွဲ ရလဒ်တွေကို လက်ခံဖို့အတွက် ဖိအား တိုးမြှင့်တဲ့ အနေနဲ့ ပြိုင်ဘက် အလက်ဆန်း ၀ပ်ထရာ (Alassane Ouattara) က တနိုင်ငံလုံး သပိတ်မှောက်ကြဖို့ ခေါ်သံပေးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ သမ္မတ ရွေးကောက်ပွဲမှာ မစ္စတာ ၀ပ်ထရာ အနိုင်ရရှိခဲ့တာပါ။

အဘစ်ဂျန်မြို့မှာ ဆိုင်တွေ ဖွင့်ထားကြပြီး ဈေးတွေကလည်း ပုံမှန်အတိုင်း စည်ကားမြဲ ဖြစ်ပါတယ်။ တနေ့လုပ်ခ စွန့်ရအောင် သူတို့ဘ၀က မတတ်နိုင်ပါဘူးလို့ တချို့ အလုပ်သမားတွေကတော့ ပြောပါတယ်။

ပြီးခဲ့တဲ့လ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တယ်လို့ မစ္စတာ ဘဂ်ဘိုကရော မစ္စတာ ၀ပ်ထရာကပါ ကြေညာခဲ့ကြတာပါ။

နိုင်ငံတကာ အသိုက်အ၀န်းကတော့ မစ္စတာ ၀ပ်ထရာကို အနိုင်ရသူအဖြစ် အသိအမှတ် ပြုခဲ့ကြပြီး မစ္စတာ ဘဂ်ဘို အာဏာစွန့်အောင် အင်အားကို အသုံးပြုမယ်လို့ အနောက်အာဖရိက နိုင်ငံများအဖွဲ့ (ECOWAS) က ခြိမ်းခြောက်ထားပါတယ်။

XS
SM
MD
LG