သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ဗရီကို့စ် သမ္မတကို လွတ်ငြိမ်းချမ်းသာခွင့် ကမ်းလှမ်း


အိုင်ဗရီကို့စ် သမ္မတကို လွတ်ငြိမ်းချမ်းသာခွင့် ကမ်းလှမ်း

အိုင်ဗရီကို့စ်နိုင်ငံမှာ အာဏာကို မစွန့်လွှတ်ဘဲ တင်းခံနေတဲ့ သမ္မတ လောရင့် ဘက်ဂ်ဘို (Laurent Gbagbo) ကို အာဖရိက ခေါင်းဆောင်တွေ မနေ့က ဒုတိယအကြိမ် သွားပြီး တွေ့ဆုံခဲ့ကြပါတယ်။

နိုဝင်ဘာလတုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူ အလ်ဆင်း ၀ါတာရာ (Alassane Ouattara) ကို အာဏာလွှဲပေးရင် သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုပြီး အာဖရိက ခေါင်းဆောင်တွေက သမ္မတ ဘက်ဂ်ဘိုကို ကမ်းလှမ်းခဲ့ကြတာပါ။

ဘီနင်၊ ကိတ်ဗာ့ဒ်နဲ့ ဆီရာလီယွန်း နိုင်ငံတွေက သမ္မတ ၃ ဦးနဲ့အတူ ကင်ညာဝန်ကြီးချုပ် ရွိုင်လာ အိုဒင်းဂါ (Raila Odinga) လည်း မနေ့က တွေ့ဆုံ ပြောဆိုခဲ့ကြတဲ့အထဲ ပါဝင်ခဲ့တာပါ။

အာဖရိက ခေါင်းဆောင်တွေရဲ့ အခုလို ကမ်းလှမ်းချက်ကို လက်ခံပြီး အာဏာလွှဲပေးဖို့ သမ္မတ ဘက်ဂ်ဘိုက သဘောတူမယ်ဆိုရင် သူ့ရဲ့ လုံခြုံရေးအတွက် အာမခံချက် ရမှာပါလို့ ကင်ညာဝန်ကြီးချုပ်ရုံးရဲ့ အရာရှိတဦးက ပြောပါတယ်။

အာဖရိက ခေါင်းဆောင်တွေဟာ သမ္မတ ဘက်ဂ်ဘိုနဲ့ ပြိုင်ဘက်ဖြစ်တဲ့ အလ်ဆင်း ၀ါတာရာနဲ့လည်း တွေ့ဆုံခဲ့ကြပါသေးတယ်။ မစ္စတာ ၀ါတာရာ သတင်းထောက်တွေကို ပြောတာကတော့ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ သံတမန်ရေးနည်းတွေ အသုံးပြုတဲ့ အချိန်က ပြီးဆုံးသွားပါပြီလို့ ဆိုပါတယ်။

“ကျနော်တို့အတွက်တော့ ဆွေးနွေးမှုတွေက ပြီးသွားခဲ့ပါပြီ။ အာဖရိက ခေါင်းဆောင်တွေ လုပ်စရာရှိတာ ဆက်ပြီးလုပ်ကြဖို့ ကျနော်တို့ အကြံပေးခဲ့ပါတယ်။ သူတို့မှာလည်း လုပ်စရာတွေက အများကြီးပါ။ သူတို့ရဲ့ အခုလို ကြိုးပမ်းခဲ့မှုတွေ အားလုံးအတွက် ကျနော်တို့က အထူးကျေးဇူးတင်ပါတယ်။ အခုကိစ္စက ခက်ခဲတဲ့ အခြေအနေပါ။ ဒါပေမဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ၊ သံတမန် နည်းလမ်းတွေနဲ့ ကြိုးပမ်းမှုတွေက ကျနော်တို့အတွက် နောက်ဆုံး ဖြေရှင်းမှုကို ဆောင်ကြဉ်းပေးနိုင်မှာပါ။” လို့ မစ္စတာ ၀ါတာရာက ပြင်သစ်လို ပြောသွားခဲ့တာပါ။

အမေရိကန် အရာရှိတွေကလည်း မစ္စတာ ဘက်ဂ်ဘို အာဏာစွန့်လွှတ်ပေးမယ် ဆိုရင် အမေရိကန် ပြည်ထောင်စုကို ပြောင်းရွှေ့လာဖို့ ဖြစ်နိုင်မယ်ဆိုတဲ့ အချက် အပါအ၀င် သူ့အတွက် ဂုဏ်သိက္ခာရှိမယ့် ထွက်ပေါက်တခုကို ဖန်တီးပေးဖို့ အမေရိကန်ဘက်က ဆန္ဒရှိနေတုန်းပါပဲလို့ မနေ့တုန်းက ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း သမ္မတ ဘက်ဂ်ဘိုအတွက် အခွင့်အလမ်းတွေက ခပ်မြန်မြန်နဲ့ ကုန်နေပြီလို့လည်း အမေရိကန် အရာရှိတွေက ပြောပါတယ်။

အခုနောက်ဆုံး သိရတာကတော့ အိုင်ဗရီကို့စ်မှာ ဒုတိယအကြိမ် ဆွေးနွေးပြီးတော့ ပြန်လာခဲ့ကြတဲ့ အာဖရိက ခေါင်းဆောင်တွေက နောက်တဆင့် ဘာလုပ်ကြမလဲဆိုတဲ့ ကိစ္စကို ဆွေးနွေးနေကြပါတယ်။

XS
SM
MD
LG