သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ဗရီကို့စ် အတိုက်အခံတပ် မြို့တော်နား ချဉ်းကပ်


အိုင်ဗရီကို့စ် အတိုက်အခံတပ် မြို့တော်နား ချဉ်းကပ်

အိုင်ဗရီကို့စ်နိုင်ငံမှာ ရာထူးက ဆင်းပေးဖို့ ငြင်းဆန်နေတဲ့ သမ္မတ လောရင့် ဘက်ဂ်ဘို (Laurent Gbagbo) ရဲ့ တပ်တွေ ထိန်းချုပ်ထားတဲ့ အဘစ်ဂျန် (Abidjan) မြို့ကို ဦးတည်ပြီး သူ့ကိုဆန့်ကျင်သူ တပ်ဖွဲ့တွေ ချီတက်လာနေတဲ့အတွက် တင်းမာမှုတွေ ကြီးထွားလာနေပါတယ်။

နိုင်ငံတကာက သမ္မတအဖြစ် အသိအမှတ်ပြု လက်ခံထားတဲ့ အလက်ဆန်း ၀ါတရာ (Alassane Ouattara) ကို ထောက်ခံတဲ့ တပ်တွေက တနင်္လာနေ့ကစလို့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်လာရာက မြို့ပေါင်း တဒါဇင်လောက်ကို သိမ်းပိုက်ခဲ့တာပါ။

မျက်မြင်တွေ့သူတွေကတော့ ဒီကနေ့ အဘစ်ဂျန်မြို့မှာ သေနတ်သံတွေ ကြားရကြောင်း ပြောဆိုခဲ့ကြသလို အတိုက်အခံတပ်တွေက အကျဉ်းထောင်တခုကို စီးနင်းတိုက်ခိုက်ပြီး ဖမ်းထားသူတွေကို လွှတ်ပေးလိုက်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ အိုင်ဗရီကို့စ် စစ်ဦးစီးချုပ် ဖိလစ် မန်ဂူ (Phillippe Mangou) ဟာ တောင်အာဖရိက သံအမတ် နေအိမ်မှာ ဒုက္ခသည် ခိုလှုံခွင့် တောင်းခံထားတယ်လို့ တောင်အာဖရိကနိုင်ငံက ပြောပါတယ်။ ဇနီးသည်၊ ကလေး ၅ ယောက်နဲ့အတူ မနေ့ညပိုင်းကပဲ သံအမတ်ကြီးရဲ့ နေအိမ်ကို ရောက်လာတာလို့ ဒီကနေ့ပဲ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုလိုက်တာပါ။

မနေ့နှောင်းပိုင်းမှာတုန်းက သမ္မတ ဘက်ဂ်ဘို နိုင်ငံကို မိန့်ခွန်းပြောဆိုဖို့ စီစဉ်ထားပေမဲ့ သူ့ရဲ့ ပြောခွင့်ရသူသာ ထွက်လာခဲ့ပြီး သမ္မတဟာ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေရတဲ့အတွက် မိန့်ခွန်းကို ဆိုင်းထားလိုက်တာလို့ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် မစ္စတာ ၀ါတရာကို ကြေညာခဲ့ပြီးတဲ့နောက် အာဏာလွှဲပေးဖို့ နိုင်ငံတကာက ဖိအားပေးနေပေမဲ့ သမ္မတ ဘက်ဂ်ဘိုက ဆက်လက် ငြင်းဆန်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG