အိုင်ဗရီကို့စ်နိုင်ငံရဲ့ စီးပွားရေး အချက်အချာမြို့ဖြစ်တဲ့ အဘစ်ဂျန် (Abidjan) ကို ထိန်းချုပ်နိုင်ဖို့အတွက် လက်ရှိ အာဏာရ သမ္မတရဲ့ တပ်ဖွဲ့တွေနဲ့ အတိုက်အခံ တပ်ဖွဲ့တွေဟာ ဆက်ပြီး တိုက်ခိုက်နေတုန်းမှာပဲ အဘစ်ဂျန် လေဆိပ်ကို ပြင်သစ်တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။
အိုင်ဗရီကို့စ်မှာ ရောက်နေတဲ့ နိုင်ငံခြားသားတွေကို ဘေးလွတ်ရာကို ပို့ပေးဖို့နဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း တပ်တွေအတွက် နောက်ထပ် တပ်သား ၃၀၀ ထပ်ပြီး ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အဘစ်ဂျန် လေဆိပ်ကို ပြင်သစ်တပ်ဖွဲ့တွေက အသုံးပြုမှာ ဖြစ်ပါတယ်။
နိုင်ငံတကာက သမ္မတအဖြစ် အသိအမှတ်ပြုထားတဲ့ အလက်ဆန်း ၀ါတာရာ (Alassane Ouattara) ရဲ့ သစ္စာခံတပ်တွေက လွန်ခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ နိုင်ငံရဲ့ ဒေသ အတော်များများကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
လက်ရှိ အာဏာရ သမ္မတ လောရင့် ဘက်ဂ်ဘို (Laurent Gbagbo) ကို အဘစ်ဂျန် သမ္မတ နန်းတော်ကနေ နောက်ဆုံး နှင်ထုတ်နိုင်တော့မယ့် အခြေအနေကို မြင်နေရပြီ ဖြစ်ပါတယ်။
နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မစ္စတာ ၀ါတာရာ အနိုင်ရခဲ့ကြောင်း ကြေညာခဲ့ပေမဲ့ မစ္စတာ ဘက်ဂ်ဘိုက အာဏာကို လက်မလွှတ်ဘဲ နှုတ်ထွက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
မစ္စတာ ၀ါတာရာရဲ့ တပ်တွေဟာ အခုလောလောဆယ် အဘစ်ဂျန်မြို့ မြောက်ပိုင်းအစွန်ကို ရောက်နေပြီဖြစ်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။