သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ဗရီကို့စ်မှာ ကုလတပ်တွေ သမ္မတရဲ့ တပ်စခန်းတွေကို ဝင်တိုက်

အိုင်ဗရီကို့စ်မှာ ကုလတပ်တွေ သမ္မတရဲ့ တပ်စခန်းတွေကို ဝင်တိုက်
အိုင်ဗရီကို့စ်မှာ ကုလတပ်တွေ သမ္မတရဲ့ တပ်စခန်းတွေကို ဝင်တိုက်

အိုင်ဗရီကို့စ် နိုင်ငံတွင်း တိုက်ပွဲတွေဟာ တနင်္လာနေ့မှာ အတော်လေး ပြင်းထန်လာပါတယ်။ လက်ရှိသမ္မတ လောရင့် ဘက်ဂ်ဘို (Laurent Gbagbo) အခြေစိုက် နေရာတွေကို ကုလသမဂ္ဂ တပ်တွေက တိုက်ခိုက်နေသလို သမ္မတ ဘက်ဂ်ဘိုတပ်တွေ ထိန်းချုပ်ထားနိုင်တဲ့ နေရာအချို့ကို အတိုက်အခံတွေက သိမ်းယူနိုင်ဖို့ ကြိုးစားနေပါတယ်။

အဘိုက်ဂျန် (Abidjan) မြို့တွင်းက သမ္မတအိမ်တော်၊ သမ္မတ ဘက်ဂ်ဘို နေထိုင်ရာနေရာနဲ့ ဘက်ဂ်ဘို တပ်စခန်း နှစ်ခုကို ကုလသမဂ္ဂတပ်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ပန်ကြားချက်နဲ့ ဒီတိုက်ခိုက်မှုမှာ သူတို့တပ်အင်အားတွေ ပါဝင်လာရခြင်း ဖြစ်တယ်လို့ ပြင်သစ်က ပြောပါတယ်။

အရပ်သားတွေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း တပ်တွေကို မော်တာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် အသုံးပြုတာကို ကာကွယ်ဖို့အတွက် အခုလို တိုက်ခိုက်ရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ကြေညာချက် ထုတ်ပါတယ်။

ဒါ့အပြင် သမ္မတ ဘက်ဂ်ဘို တပ်တွေဟာ အဘိုက်ဂျန် ဒေသခံတွေကို သတ်ဖြတ်ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း တပ်တွေကို ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂဘက်က စွပ်စွဲပါတယ်။ လတ်တလာအားဖြင့် မစ္စတာဘက်ဂ်ဘို ဘယ်မှာရှိနေတယ်၊ သူ ဒဏ်ရာရထားတယ်ဆိုတာ မှန်သလား မှားသလား ဘာကိုမှ တုံ့ပြန်ပြောတာ မရှိသေးပါဘူး။

နိုင်ငံတကာရဲ့ အသိအမှတ်ပြု ခံထားရတဲ့ သမ္မတ အလက်ဆန်း အော့တာရာ (Alassance Ouattara) တပ်တွေဟာ တနင်္လာနေ့မှာတော့ အဘိုက်ဂျန်မြို့ကို အတင်းဝင်ရောက်ခဲ့ပါတယ်။ မစ္စတာ အော့တာရာရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ ဆိုရို (Guilaume Soro) ကတော့ ဘက်ဂ်ဘိုတပ်တွေကို အပြင်းအထန်ဆုံး ထိုးစစ်ဆင်သွားမယ်လို့ ကတိပြုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ မစ္စတာ အော့တာရာ အနိုင်ရခဲ့ပေမဲ့ ၂၀၀၀ ခုနှစ်ကတည်းကစပြီး အာဏာယူခဲ့တဲ့ လက်ရှိသမ္မတ ဘက်ဂ်ဘိုဟာ အာဏာလွဲှပေးဖို့ ငြင်းဆန်ရင်း နောက်ပိုင်း နိုင်ငံရေးကနေ အကြမ်းဖက်မှုတွေနဲ့ စစ်ရေး တင်းမာလာခဲ့ပါတယ်။

This item is part of
XS
SM
MD
LG