သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ဗရီကို့စ် သမ္မတ အာခံနေဆဲ


အိုင်ဗရီကို့စ် သမ္မတ အာခံနေဆဲ

အိုင်ဗရီကို့စ်နိုင်ငံမှာ အာဏာကနေ ဆင်းမပေးသေးတဲ့ သမ္မတ လောရင့် ဘက်ဂ်ဘို (Laurent Gbagbo) က သူ့အနေနဲ့ လက်နက်ချဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ အခု သူက သူ့ရဲ့ပြိုင်ဘက်က တိုက်ခိုက်မှုတွေကို အကာအကွယ် ယူထားတဲ့ အနေနဲ့ ကတုတ်ကျင်းထဲမှာ ရောက်နေတာပါ။

ပြင်သစ် ရုပ်မြင်သံကြား LCI က တယ်လီဖုန်းဆက်ပြီး အမေးအဖြေ လုပ်တဲ့အခါမှာ မစ္စတာ ဘက်ဂ်ဘိုက ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာ သူပဲလို့ ပြောနေတုန်းပါပဲ။ သူ့ရဲ့ပြိုင်ဘက် အလက်ဆန်း ၀ါတာရာ (Alassane Ouattara) ကို သမ္မတအဖြစ် အသိအမှတ် မပြုနိုင်ဘူးလို့လည်း ဆိုပါတယ်။

မစ္စတာ ဘက်ဂ်ဘိုဟာ သူအာဏာကနေ ဆင်းပေးပြီး ညှိနှိုင်းမှုတွေ လုပ်နေတယ်ဆိုတဲ့ သတင်းတွေ သံတမန် အသိုင်းအ၀ိုင်းနဲ့ အစိုးရ အရာရှိတွေဆီက ထွက်လာခဲ့ပြီး နောက်ပိုင်း အခုလို သူ အာဏာစွန့်ဖို့ အဆင်သင့် မဖြစ်သေးတဲ့အကြောင်း ထွက်လာတာပါ။ သံတမန်တွေ ပြောကြတာက ညှိနှိုင်းမှုတွေက မနေ့က အင်္ဂါနေ့ ညနေပိုင်းအထိ ရှိနေတယ်၊ မစ္စတာ ဘက်ဂ်ဘိုနဲ့ သူ့ရဲ့မိသားစုက ကတုတ်ကျင်းထဲမှာ ရှိနေတယ်လို့ ဆိုပါတယ်။

အိုင်ဗရီကို့စ်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မစ္စတာ ၀ါတာရာက အနိုင်ရတဲ့ သမ္မတအဖြစ် နိုင်ငံအများစုက အသိအမှတ် ပြုထားပါတယ်။ ပြင်သစ်နဲ့ ကုလသမဂ္ဂ အဖွဲ့က အာဏာက မဆင်းပေးသေးတဲ့ မစ္စတာ ဘက်ဂ်ဘိုကို အာဏာစွန့်ပေးကြောင်း သဘောတူညီချက်နဲ့ မစ္စတာ ၀ါတာရာကို သမ္မတအဖြစ် လက်ခံတယ်ဆိုတဲ့ သဘောတူညီချက်ကို လက်မှတ် ထိုးပေးစေချင်နေတာပါ။ တကယ်လို့ မစ္စတာ ဘက်ဂ်ဘိုက လက်နက်ချချင်တယ်ဆိုရင် ကုလသမဂ္ဂက အကာအကွယ်ပေးမယ်လို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့ တပတ်ကျော်ကတည်းက မစ္စတာ ၀ါတာရာကို ထောက်ခံတဲ့သူတွေက အိုင်ဗရီကို့စ် နိုင်ငံတ၀န်း မစ္စတာ ဘက်ဂ်ဘို ထောက်ခံရေးသမားတွေကို ခုခံတိုက်ခိုက်ခဲ့ကြလို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မနေ့ကတော့ အဘစ်ဂျန် (Abidjan) မြို့မှာ တိုက်ပွဲတွေ အရှိန်လျော့သွားပါတယ်။

XS
SM
MD
LG