သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ဗရီကို့စ် သမ္မတအိမ် သူပုန်ဝင်တိုက်


အိုင်ဗရီကို့စ် သမ္မတအိမ် သူပုန်ဝင်တိုက်
အိုင်ဗရီကို့စ် သမ္မတအိမ် သူပုန်ဝင်တိုက်

အိုင်ဗရီကို့စ်နိုင်ငံရဲ့ သမ္မတအဖြစ် နိုင်ငံတကာက အသိအမှတ် ပြုထားတဲ့ အလက်ဆန်း ဝါတာရာ (Alassane Ouattara) ကို ထောက်ခံတဲ့ တပ်ဖွဲ့တွေက ရာထူးက ဆင်းပေးဖို့ ငြင်းဆန်နေတဲ့ သမ္မတ လောရင့် ဘက်ဂ်ဘို (Laurent Gbagbo) လက်နက်ချရေး ဖိအားပေးတဲ့ အနေနဲ့ သူ့ရဲ့နေအိမ်ကို စီးနင်းတိုက်ခိုက်နေပါတယ်။

အဘစ်ဂျန် (Abidjan) မြို့က ကတုတ်ကျင်းတွေတူးပြီး ပုန်းအောင်းနေတဲ့ နေအိမ်အနီးတဝိုက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေ ကြားရတယ်လို့ မျက်မြင်တွေ့သူတွေက ပြောကြပါတယ်။

မနေ့တုန်းကတော့ မစ္စတာ ဘက်ဂ်ဘိုက လက်နက်ချမယ့်ပုံ ပေါ်ခဲ့ပေမဲ့ နောက်ပိုင်း တယ်လီဖုန်းကတဆင့် မေးမြန်းခန်းတွေ အတွင်းမှာတော့ ပြီးခဲ့တဲ့နှစ် သမ္မတ ရွေးကောက်ပွဲတွေမှာ သူအနိုင်ရတယ်လို့ ပြောဆိုပြီး အာဏာစွန့်မယ့် အရိပ်အယောင်တွေ မပြခဲ့ပါဘူး။

ပြိုင်ဘက်ခေါင်းဆောင် ဝါတာရာရဲ့ လက်ထောက်တွေကတော့ မစ္စတာ ဘက်ဂ်ဘိုကို အရှင်လက်ရ ဖမ်းဆီးဖို့ နေအိမ်ကို တိုက်နေတဲ့ တပ်တွေကို ညွှန်ကြားထားတယ်လို့ ပြောဆိုထားကြတာပါ။ တိုက်ခိုက်မှုတွေအတွင်း ပြင်သစ်တပ်တွေ ပါဝင်တယ်လို့ မစ္စတာ ဘက်ဂ်ဘိုရဲ့ ပြောခွင့်ရသူက ဆိုပေမဲ့ ပြင်သစ်အစိုးရ တာဝန်ရှိသူတွေကတော့ ဒါကို ငြင်းဆန်ထားတာပါ။

နိုင်ငံတကာ အသိုင်းအဝန်းကလည်း အာဏာစွန့်ဖို့ ငြင်းဆန်နေတဲ့ သမ္မတ ဘက်ဂ်ဘိုအပေါ် ဖိအားတွေ တိုးလာနေပါတယ်။

ဥရောပသမဂ္ဂ (EU) ကလည်း မစ္စတာ ဘက်ဂ်ဘို အစိုးရဆီကနေ လုံခြုံရေး အာမခံ စာချုပ်စာတမ်းတွေ မဝယ်ဖို့နဲ့ ကြွေးမြီချေးငှားတာ မလုပ်ဖို့ ဒီကနေ့ပဲ တားမြစ်လိုက်တာပါ။ EU အပြင် ကုလသမဂ္ဂ၊ အာဖရိက ယူနီယံနဲ့ အနောက်အာဖရိက အဖွဲ့ဖြစ်တဲ့ ECOWAS တို့ကလည်း နိုင်ငံတကာက အနိုင်ရ သမ္မတအဖြစ် လက်ခံထားကြတဲ့ ပြိုင်ဘက်ခေါင်းဆောင် ဝါတာရာကို အာဏာလွှဲပေးဖို့ တောင်းဆိုထားကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG