အိုင်ဗရီကို့စ်နိုင်ငံက လက်ရှိသမ္မတ လော့ရင့်ဘက်ဘို (Laurent Gbagbo) ရဲ့ နိုင်ငံရေးပြိုင်ဘက်ဖြစ်တဲ့ အာဆင်းဝါတရာ နေနေတဲ့ ဟိုတယ်ကို တိုက်ခိုက်မှုတွေ သွားမလုပ်ကြဖို့ သမ္မတဘက်ဘိုကို ထောက်ခံသူတွေကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက သတိပေးလိုက်ပါတယ်။ တိုက်ခိုက်မှုတခုလောက် ရှိလာတာနဲ့ နိုင်ငံအတွင်းပြည်တွင်းစစ် ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီဟိုတယ်မှာ အာဆင်းဝါတရာ က ကုလသမဂ္ဂရဲ့ အကာအကွယ်နဲ့ ရုံးဖွင့်ပြီးနေနေတာပါ။ ဒီဟိုတယ်ကိုသွားပြီး တိုက်ခိုက်ဖို့တိုက်တွန်းမှုတွေ ထွက်လာနေတာကြောင့် စိုးရိမ်မှုတွေ အထူးဖြစ်ပေါ်နေရတယ်လို့ မစ္စတာဘန်ကီမွန်းက ပြောတယ်လို့ သူ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ်က မနေ့က ပြောပါတယ်။ မစ္စတာ ဝါတရာဟာ ပြီးခဲ့တဲ့လတုန်းက အိုင်ဗရီကို့စ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူအဖြစ် ကုလသမဂ္ဂက လက်ခံထားတာပါ။ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ မစ္စတာဝါတရာနဲ့ သူ့ကိုထောက်ခံသူတွေကို အကာအကွယ်ပေးဖို့ကိစ္စမှာ လိုအပ်တာမှန်သမျှ အကုန် ဆောင်ရွက်ခွင့်ပေးထားတယ်လို့ မစ္စတာဘန်ကီမွန်းက ဆိုပါတယ်။
အဲဒီဟိုတယ်ကို တိုက်ခိုက်မှုတစုံတရာ ရှိလာတာနဲ့ အိုင်ဗရီကို့စ် နိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။ သမ္မတဘက်ဘို အာဏာစွန့်လွှတ်ရေး စေ့စပ်ညှိနှိုင်းမှုတွေလုပ်လို့ အဆင်မပြေရင် ကုလသမဂ္ဂတပ်တွေဝင်ပြီး အရေးယူတဲ့ကိစ္စကို ဗြိတိန်ဘက်က ထောက်ခံလိမ့်မယ်လို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိတ်ခ်က ဘီဘီစီကို ဒီကနေ့ပြောလိုက်ပါတယ်။