သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ဗရီကို့စ် သမ္မတသစ် ဝါတာရာ ကျမ်းသစ္စာကျိန်


ရွေးကောက်ပွဲ အနိုင်ရ အလ်ဆင်း ဝါတာရာ အိုင်ဗရီကို့စ် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်။ မေ ၆၊ ၂၀၁၁။
ရွေးကောက်ပွဲ အနိုင်ရ အလ်ဆင်း ဝါတာရာ အိုင်ဗရီကို့စ် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်။ မေ ၆၊ ၂၀၁၁။

လတွေနဲ့ချီပြီး အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့အထိ နိုင်ငံရေး အကျပ်ဆိုက်ခဲ့ရတဲ့ အိုင်ဗရီကို့စ် နိုင်ငံမှာ ရွေးကောက်ပွဲ အနိုင်ရ အလ်ဆင်း ဝါတာရာ (Alassane Ouattara) က သမ္မတအဖြစ် မနေ့တုန်းက တရားဝင် ကျမ်းကျိန် သစ္စာဆိုခဲ့ပါပြီ။

နိုင်ငံရဲ့ အဓိကမြို့ဖြစ်တဲ့ အဘစ်ဂျန် (Abidjan) မြို့က သမ္မတအိမ်တော်မှာ မနေ့က ကျမ်းကျိန်ပွဲ လုပ်ခဲ့တာပါ။ အဲဒီမှာ မစ္စတာ ဝါတာရာက နိုင်ငံတော်ရဲ့ အခြေခံဥပဒေကို အကာအကွယ် ပေးသွားမယ်၊ အခုချိန်ဟာ နိုင်ငံအတွင်း ပြန်လည်ညီညွတ်ရေးဆိုတဲ့ ခေတ်သစ်တခု ပေါ်ပေါက်လာတော့မယ့် အချိန်ပဲလို့ သမ္မတသစ်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာတုန်းက အာဏာက ဆင်းပေးခဲ့ရတဲ့ အရင်သမ္မတဟောင်း လောရင့် ဘက်ဂ်ဘို (Laurent Gbagbo) ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို ပထမပိုင်းမှာ လက်ခံခဲ့ပြီး နောက်ပိုင်းမှာတော့ အမှန်အတိုင်းဖြစ်အောင် ဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံတော် တရားရုံးက ပုဂ္ဂိုလ်တွေကို ချီးမွမ်း ဂုဏ်ယူတယ်လို့ သမ္မတသစ်က ပြောလိုက်ပါတယ်။

သမ္မတဟောင်း လောရင့် ဘက်ဂ်ဘိုကို ပြီးခဲ့တဲ့လက ဖမ်းဆီးခဲ့ပြီး အခု နေအိမ်အကျယ်ချုပ် ချထားပါတယ်။ အစိုးရ တပ်ဖွဲ့တွေကတော့ သမ္မတဟောင်း ဘက်ဂ်ဘိုကို ထောက်ခံအားပေးနေတဲ့ ပြည်သူ့စစ်တွေနဲ့ ဆက်ပြီး တိုက်ခိုက်နေကြတုန်းပါ။

အဘစ်ဂျန်မြို့က ဘောလုံးကွင်းတခုမှာ မြေကြီးထဲ မြှုပ်ထားတဲ့ လူသေအလောင်းတွေ အများအပြား ရှာတွေ့ထားတယ်လို့ ကုလသမဂ္ဂက မနေ့က ပြောပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမယ့်သူတွေ အဲဒီနေရာကို လွှတ်ထားတယ်လို့လည်း ဆိုပါတယ်။ အဲဒီနေရာတဝိုက်ဟာ သမ္မတဟောင်း ဘက်ဂ်ဘိုကို ထောက်ခံသူတွေ လှုပ်ရှားကြတဲ့နေရာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မင်းကြီး ပြောတာကတော့ သမ္မတဟောင်း ဘက်ဂ်ဘိုဘက်ကရော သမ္မတသစ် ဝါတာရာဘက်ကရော အရပ်သူ အရပ်သားတွေကို သတ်ဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ နှစ်ဘက် တိုက်ခိုက်မှုတွေအတွင်း အိုင်ဗရီကို့စ် နိုင်ငံမှာ လူတွေ ရာနဲ့ချီ သေဆုံးခဲ့ပြီး လူ တသန်း လောက် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

XS
SM
MD
LG