သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Twitter CEO မြန်မာခရီးစဉ်ရေးသားမှုအပေါ်ဝေဖန်မှုတိုး


ပြင်ဦးလွင်မှာ တရားစခန်းဝင်ခဲ့တဲ့ Twitter CEO Jack Dorsey (ဓါတ်ပုံ- Jack Dorsey's twitter)
ပြင်ဦးလွင်မှာ တရားစခန်းဝင်ခဲ့တဲ့ Twitter CEO Jack Dorsey (ဓါတ်ပုံ- Jack Dorsey's twitter)

ရိုဟင်ဂျာအကျပ်အတည်း ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ Twitter ဆိုရှယ်မီဒီယာ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Jack Dorsey က သူတွေ့ကြုံခဲ့တဲ့ ဝိပဿနာ တရားစခန်းအကြောင်းနဲ့ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်သင့်ကြောင်းကိုပဲ သူရဲ့ twitter အကောင့်မှာ ဒီဇင်ဘာလ (၈)ရက်နေ့က ရေးသားခဲ့တဲ့အတွက် အပြင်းအထန်ဝေဖန်ခံနေရတာကို နိုင်ငံတကာသတင်းမီဒီယာတွေမှာ အကျယ်တဝန့်ဖေါ်ပြနေကြပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာ (၇)သိန်းကျော်ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက် အစုလိုက်အပြုံလိုက် မောင်းထုတ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို အရေးယူအပြစ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးနေချိန် အခုလို သြဇာအရှိန်ကြီးမားတဲ့ ဆိုရှယ်မီဒီယာကုမ္ပဏီတခုရဲ့ အကြီးအကဲတဦးရဲ့ မြန်မာနဲ့ ပတ်သက်လို့ ရေးသားချက်အပေါ် လူအများက အာရုံစိုက်ခဲ့ကြတာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

Jack Dorsey, Twitter CEO
Jack Dorsey, Twitter CEO

Jack Dorsey ဟာ twitter ကို စတင်တွဲဖက်တည်ထောင်သူတဦးလည်းဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့လအနည်းငယ်လောက်က အမေရိကန်ကွန်ဂရက်မှာ ပြုလုပ်တဲ့ ကြားနာပွဲတခုအတွင်း twitter ရဲ့ထိရောက်မှုအတိုင်းအတာကို သူတို့ ပြန်လည် သုံးသပ်နေတဲ့အကြောင်း တာဝန်ရှိသူတဦးအနေနဲ့ Jack Dorsey က ကွန်ဂရက်မှာ အခုလို ထွက်ဆိုခဲ့ပါတယ်။

“လွန်ခဲ့တဲ့ ၁၂နှစ်က twitter အကောင့် follower တွေနဲ့ ပတ်သက်လို့ ကျနော်တို့မှာ ရည်ရွယ်ချက်ရှိပါတယ်။ ကိုယ့်ရဲ့ အကောင့်မှာ follower အရေအတွက်ဘယ်လောက်ရှိသလဲဆိုတာ သိသာထင်ရှားရှား သိစေဖို့ မြင်သာတဲ့ စာလုံးဖောင့် အမည်းနဲ့ ကျနော်တို့ လုပ်ခဲ့ပါတယ်။ ဒီလိုလုပ်ဖို့ ဆုံးဖြတ်ရတဲ့အကြောင်းအရင်းကတော့ follower အရေအတွက် များလာအောင် လူတွေ လုပ်ကြဖို့ ဆွဲဆောင်မှု သက်သက်ပဲဖြစ်ပါတယ်။ အခုကျနော်မေးနေတဲ့ မေးခွန်းကတော့ ကိုယ်ရဲ့အကောင့်မှာရှိနေတဲ့ follower အရေအတွက်များလာတာကို ကြည့်ရုံသက်သက် ဆွဲဆောင်တဲ့လုပ်ရပ်ဟာ တကယ်ပဲ လိုအပ်သလား။ follower တွေများပြီး ကိုယ့်ရဲ့ ကိုယ်ပွားအဖြစ်Twitter နဲ့ ဒီဂျစ်တယ်လ် လူမှုကွန်ယက်တွေရဲ့ အကျိုးအတွက် တကယ်ပဲ လုပ်သလား။”

အခုလို ဆိုရှယ်မီဒီယာရဲ့ ဆိုးကျိုး၊ ကောင်းကျိုးတွေနဲ့ ပတ်သက်လို့ တာဝန်အကြီးဆုံး ပုဂ္ဂိုလ်တဦးအနေနဲ့ လူနည်းစုဒေသတွေမှာ အကြီးအကျယ်ဖိနှိပ်နေတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကြောင့် နိုင်ငံတကာရဲ့ ဝေဖန်မှုကို ခံနေရတဲ့ မြန်မာနိုင်ငံကို သွားရောက်ချိန် သူ တရားစခန်းဝင်ခဲ့တဲ့ အတွေ့အကြုံသက်သက်ကိုပဲ ရေးသားခဲ့တဲ့အပေါ် တာဝန်မဲ့ လုပ်ရပ်အဖြစ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန်ဝေဖန်ခံကြတာပါ။ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ကြီးရဲ့ အာရှရေးရာ တာဝန်ခံ Brad Adams ရဲ့ အမြင်ကတော့-

“ပုံမှန်အနေနဲ့တော့ လူတွေ အလုပ်ကနေ အားလပ်ရက် အပန်းဖြေခရီးထွက် အနားယူ လေ့ရှိကြပါတယ်။ ဒါပေမယ့် သူကတော့ ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ပြီး အလုပ်လုပ်နေသူဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို ဆန့်ကျင်မုန်းတီးဖို့ ပလက်ဖောင်းတခုအနေနဲ့ အသုံးချခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ ဘာတွေဖြစ်ခဲ့သလဲဆိုတာ သူ့အနေနဲ့ ညွန်းဆိုပြောပြဖို့ သင့်လျော်ပါတယ်။ ဆိုရှယ်မီဒီယာကုမ္ပဏီတခုအနေနဲ့ တာဝန်ရှိကြောင်း ပြောဆိုသင့်သလို၊ နောင်မှာလည်း အမုန်းစကားပွားများစေဖို့ ဖန်တီးတဲ့ ပလက်ဖောင်း မဖြစ်စေရဘူးဆိုတဲ့ အမာခံချက်မျိုးနဲ့ ပြောဖို့ သူ့အနေနဲ့ သင့်တော်ပါတယ်။ အဲဒါနဲ့အတူ သူခရီးသွားခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘာတွေကောင်းသလဲ ဆိုတာ သူ့အနေနဲ့ လွတ်လွတ်လပ်လပ် ပြောနိုင်ပါတယ်။”

Jack Dorsey အမေရိကန်ပြည်ထောင်စုမှာ နည်းပညာလုပ်ငန်းတွေ အဓိကအခြေစိုက်ရာ ကာလီဖိုးနီးယားပြည်နယ် စီလီကွန်ဗယ်လီ အရပ်မှာ ရှိတဲ့ ကုမ္ပဏီအကြီးအကဲအများစု လက်တွေ့အောက်ခြေမှာ ဖြစ်နေတာတွေနဲ့ ကင်းကွာလေ့ရှိသလို Jack Dorsey ကိုလည်း ဒီအတိုင်းတွေ့ရတယ်လို့ Brad Adams ကပြောပါတယ်။

“သူဟာ တကယ့်ကို စီလီကွန်ဗယ်လီ မှာတွေ့ရလေ့ရှိတဲ့ ခေါင်းဆောင်တွေရဲ့ သဘာဝအတိုင်းပြောသွားတာပါ။ သူရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်း သြဇာအရှိန် ဘယ်လောက်ကြီးသလဲ၊ ဘယ်လောက်အတိုင်းအတာထိ အခြားဘက်ကို နစ်နာထိခိုက်စေမလဲ ဆိုတာ သူကောင်းကောင်းနားလည်ပုံမရပါဘူး။အဲဒီလိုနားလည်အောင်လည်း သူကိုယ်တိုင်ကြိုးစားအားထုတ်တာမျိုးလည်း မလုပ်ပါဘူး။”

တနင်္ဂနွေနေ့က သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွေ့အကြုံအကြောင်း ရေးသားချက်တွေကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့မှုကို Jack Dorsey အနေနဲ့ ပြန်ပြီး တုန့်ပြန်ချေပတာမျိုး လောလောဆယ်မရှိသေးပါဘူး။ သူရဲ့ twitter အကောင့်မှာတော့ ခရီးစဉ်အတွေ့အကြုံနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေဖို့ အဆင့်သင့်ရှိကြောင်း ရေးထားပါတယ်။

Twitter ကုမ္ပဏီဘက်ကတော့ Jack Dorsey ကိုဝေဖန်မှုတွေအပေါ် တရားဝင်တုန့်ပြန်ပြောဆိုတာမျိုး မရှိပါဘူး။ ဒါပေမယ့် Mr. Dorsey နဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်တဦးကတော့ twitter ကုမ္ပဏီကိုတည်ထောင်သူတဦးအတွက် တရားထိုင်လေ့ကျင့်ဖို့ စတင်ကြိုးစားအား ထုတ်သူတဦးအနေနဲ့ အခု မြန်မာနိုင်ငံခရီးစဉ်ဟာ အဓိပ္ပါယ်အပြည့်ရှိကြောင်း နဲ့ ကိုယ်ပိုင်အားလပ်ရက် ခရီးစဉ်ဖြစ်သလို၊ Jack Dorsey အနေနဲ့ ကုမ္ပဏီလုပ်ငန်းနဲ့ ပတ်သက်လို့ အဲဒီခရီးစဉ်မှာ ဘာတခုမှ လုပ်ခဲ့တာမျိုးမရှိကြောင်း ကာကွယ်ပြောဆိုရေးသားထားပါတယ်။

Jack Dorsey အနေနဲ့ မြန်မာနိုင်ငံခရီးစဉ်အတွေ့အကြုံရေးသားချက်မတိုင်ခင် အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်းမှာလည်း ဟိန္ဒူဘာသာနဲ့ ပတ်သက်လို့ ဝေဖန်ရေးသားမိတဲ့အတွက် အပြင်းအထန် ဝေဖန်ခံခဲ့ရပါတယ်။

Jack Dorsey ဟာ သူ့ရဲ့မွေးနေ့ နိုဝင်ဘာလ (၁၉)ရက်နေ့ အထိမ်းအမှတ်အဖြစ်နိုဝင်ဘာလက မြန်မာပြည်ကိုလာရောက်ပြီး ဆရာကြီး ဦးဂိုအင်ကာရဲ့ ဝိပဿနာရိပ်သာခွဲတစ်ခုဖြစ်တဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာရှိတဲ့ ဓမ္မ မဟိမာ ဝိပဿနာရိပ်သာမှာ ၁၀ ရက်တရားစခန်းဝင်ခဲ့တဲ့အကြောင်းကို သူရဲ့ twitter အကောင့်မှာ ဒီဇင်ဘာလ ၈ ရက်နေ့က ရေးသားခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG