သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် မြေပြိုမှု အနည်းဆုံး လူ၁၀ ဦး ပျောက်ဆုံး


ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်။
ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်။

ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသမှာ မြေပြိုမှု ထပ်မံဖြစ်ပွား တာကြောင့် လူ ၁၀ယောက် ပျောက်ဆုံးနေကြောင်း ဒေသခံ အာဏာပိုင်တွေက သတင်း ထုတ်ပြန် ထားပါတယ်။ ဒေသခံတွေကတော့ ပျောက်ဆုံးသူ ၄၀ ကျော် လောက် အထိ ရှိနိုင်ကြောင်း ခန့်မှန်းပါတယ်။ ဒီတကြိမ်မြေပြိုတာဟာ ဖားကန့်ဒေသမှာ ဒီနှစ်အတွင်း စတုတ္ထ အကြိမ်ဖြစ်ပြီး ဒီလို မကြာခဏမြေပြိုရ တာဟာ မိုင်းခွဲ တူးဖော်တာနဲ့ အကြီးစား စက်ယန္တယားတွေ သုံးတာကြောင့်လို့ သဘာဝပတ်ဝန်းကျင် အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက သုံးသပ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လတ်တလော မြေပြိုတာကတော့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကုဋေကျေးရွာက မြယမုံ ကုမ္ပဏီရဲ့ လုပ်ကွက် အတွင်းမှာ ဗုဒ္ဓဟူးနေ့ ညနေ ၄နာရီ ၄၀မိနစ်က ဖြစ်ပွားခဲ့တာပါ။ ဒီမြေပြိုမှုကြောင့် ကုမ္ပဏီလုပ်သား ၁၀ယောက်ပျောက် ဆုံးနေတယ်လို့ ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုးရုံးက တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

"ဘက်ဟိုး ယာဉ်မောင်းသုံးဦးပေါ့။ ဘက်ဟိုး လုပ်ငန်း လုပ်နေတဲ့ အချိန်ဆိုတဲ့ အခါကျတော့ အထဲမှာ မြေစာက လွှမ်းသွားတဲ့အခါကျတော့ ယာဉ်မောင်းက အထဲ မှာ ပိတ်မိသွားတာ။ ယာဉ်မောင်းက တဦး။ ကျောက်ရှာက ငါးဦး။ ပြီးတော့ ကျောက်မိုင်းခွဲ မယ်ဆိုပြီး လုပ်နေတဲ့သူက နှစ်ဦးပေါ့။ အားလုံးပေါင်း ဆယ်ဦးပေါ့။ ဆယ်ဦးမှာ ဒီမနက်ကတော့ တလောင်းတော့ ပြန်ရပြီရှင့်။ ဘက်ဟိုးယာဉ်မောင်း။"

ဒီမြေပြိုမှုမှာ ထိခိုက်ဒဏ်ရာရသူ ၅ဦးရှိပြီး မြေသယ်ယာဉ် ၆စီး၊ ဘက်ဟိုးခေါ် မြေတူးယာဉ် ၅စီး နစ်မြုပ်ခဲ့ရာမှာ ဒီမနက်ခင်းမှာတော့ မြေသယ်ယာဉ် ၅စီးနဲ့ မြေတူးယာဉ် ၃စီးကို ပြန်လည်ဖော်ယူနိုင်ခဲ့ကြောင်း ပြောပါတယ်။

လုံးခင်းဒေသခံတဦးကတော့ မြယမုံကုမ္ပဏီက တူးဖော်နေတဲ့နေရာဟာ ဧက ၅၀လောက် ကျယ်ပြီး ပေ၂၀၀လောက်နက်တဲ့ ရေကန်သဖွယ်ဖြစ်နေတဲ့နေရာ မှာဖြစ်ကြောင်းနဲ့ ကန်ရဲ့တဖက်ခြမ်းက တူးဖော်ပြီး စွန့်ပစ်မြေစာတွေကို ကန်ရဲ့ တဖက်ခြမ်း ကုဋေရွာဖက်ကို စွန့်ပစ်နေတာဖြစ်ကြောင်း ပြောပါတယ်။

မြေပြိုကျတဲ့အခြေအနေနဲ့ ပျောက်ဆုံးသူတွေရဲ့ အခြေအနေကိုတော့ လုံးခင်းဒေသခံ က အခုလို ဆက်ပြော ပါတယ်။

"သူတို့ဖို့တဲ့ မြေစာပုံက ဆိုပါတော့ ပေနှစ်ရာ နှစ်ရာ့ ငါးဆယ်လောက်တော့ မြင့် မှာပေါ့။ အဲ့တော့ အဲ့လောက်အမြင့်ကြီးကနေ ဖို့လိုက်တဲ့ဟာ အဲ့ဒီ့ မိုးကလည်း နှစ်ရက်၊ သုံးရက် ဆက်ရွာတဲ့အခါကျတော့ ပျော်ဆင်းပြီးမှ ပေ ၇၀၀ လောက် အကွာအဝေးကြီးကို လျှော် သွားတာ အဲ့ဒီ့ရွှံ့နှစ်တွေက လျှော်ကျ သွားတော့ ဟိုမှာ အလုပ်လုပ်နေတဲ့ ကုမ္ပဏီဝန်ထမ်း တွေပေါ့ဗျာ။ အဲ့ သူတို့အပြောအရ ၁၁ယောက်တော့ ပျောက်နေ တယ် လို့ ပြောတယ်ပေါ့။ ဘေးက ကျနော်တို့ အတည်မပြုရသေးတဲ့ သတင်းအရကတော့ အဲ့ဒီ့ထက်မက အများကြီး များနိုင်တယ်လို့ ပြောတာ ကျနော်တို့ ကြားရတယ်ဗျ။ အလုပ်သမားတွေ အလုပ်ဆင်းနေတာကို တွေ့ရတဲ့ လူတွေရဲ့ပြောပြချက်အရ လူတွေဟာ လေး၊ ငါးဆယ်လောက်အထိ ရှိနိုင်တယ်လု့ိ ကျနော်တို့ ကြားရတယ်ဗျ။"

ကုဋေရွာဖက် စွန့်ပစ်မြေစာပုံဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း တကြိမ်ပြိုကျခဲ့ဖူး တယ်လို့ ပြောပါတယ်။

ဖားကန့်ဒေသမှာ ဒီနှစ် ဇန်နဝါရီလ ၇ရက်နေ့ကတကြိမ်၊ မတ်လ ၆ရက်နေ့က တကြိမ်နဲ့ မတ်လ ၃၀ရက်နေ့က တကြိမ်မြေပြိုမှုဖြစ်ပွားခဲ့ပြီး ယခုတကြိမ်နဲ့ပါဆို ဒီနှစ်အတွင်းမှာတင် ၄ကြိမ်ရှိပြီဖြစ်ပါတယ်။ ဒီ၃ကြိမ်အတွင်းမှာ ၁၅ယောက်ထက် မနည်း သေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်တွေက သတင်း ထုတ်ပြန်ပေမဲ့ ဒေသခံတွေ ကတော့ ၆၀ကျော်လောက် သေဆုံးနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

ဖားကန့်ဒေသမှာ နှစ်စဉ်မြေပြိုမှုကြောင့် လူသေဆုံးတာတွေဖြစ်ပျက်နေတာနဲ့ ပတ်သက်ပြီး သဘာ၀ ပတ်ဝန်းကျင်အရေး ဆောင်ရွက်နေတဲ့ ကချင် လူမှုကွန်ယက်အဖွဲ့က ကိုစာဂျီးက အခုလို ဝေဖန်ထောက်ပြ ပါတယ်။

" ဖားကန့်မှာ ကျောက်စိမ်း တူးဖော်မှုက နည်းစနစ်မကျတော့ အင်မတန်မှ ဆိုးရွားစွာ ဖြစ်နေတယ်။ အဓိက ပြဿနာတော့ မိုင်းခွဲတာ။ အချိန်ပြည့် ဖားကန့်မှာက ဟိုကုမ္ပဏီက ခွဲလိုက် ဒီကုမ္ပဏီက ခွဲလိုက် ငလျင်လှုပ်သလိုဖြစ်နေတယ် ဖားကန့်တမြို့လုံးက အချိန်ပြည့် ။ ဒါကြောင့် တုန်ခါမှုက တော်တော့်ကို ဆိုးရွားနေတယ်။ ဒါတခုရယ်။ နောက် အဲ့ဒီ့မိုင်းဖောက်ခွဲတဲ့နောက် ပေငါးဆယ်ကို ဘက်ဟိုးနဲ့ ကော်ထုတ်နေတာ တရက်ကို သုံးကြိမ်လောက်ဆိုရင် ပေ တရာ့ငါးဆယ်လောက် အောက်ကို နက်နက်သွားတာ။ အဓိက ကတော့ ကုမ္ပဏီရဲ့ စက်ယန္တယားကြီးနဲ့ တူးဖော်တယ်။ မိုင်းခွဲတယ်။ အဲ့ဒီ့ကြောင့် ဖြစ်တာ။ ကြီးမားတဲ့ စက်ယန္တယားကြီးနဲ့တူးနေတာကို ရပ်ဆိုင်းမှ ဒီပြဿနာကို ဖြေရှင်းလို့ရမှာ။"

လာမယ့် မိုးရာသီကာလမှာ အခုလို မြေပြိုတာတွေဟာ ပိုပြီးဆိုးဝါးလာ နိုင်တယ် လို့လည်း သုံးသပ်ပါတယ်။ ဖားကန့်ဒေသ မှာ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီပေါင်း ၅၀ကျော်လောက်ရှိနေသလို မြန်မာနိုင်ငံ အနှံ့အပြားက လာရောက်ပြီး ကျောက်စိမ်းနဲ့ ရွှေလုပ်ငန်းလုပ်ကိုင်သူပေါင်းကတော့ သိန်းချီရှိနေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG