သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျကာတာတိုက်ခိုက်မှု သေဆုံးသူတိုး


ဂျကာတာမြို့တော် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့သည့်နေရာ
ဂျကာတာမြို့တော် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့သည့်နေရာ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ အရင်အပတ်ကဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တတိယမြောက် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရထားသူဟာ ဒီနေ့ တနင်္ဂနွေနေ့မှာ သေဆုံးသွားပါတယ်။

သေဆုံးသူ အသက် ၃၇ နှစ်အရွယ် ဘဏ်ဝန်ထမ်း Rais Karna ဟာ ဂျကာတာမြို့ထဲမှာ လက်ပစ်ဗုံးနဲ့ သေနတ်တွေသုံးပြီး တိုက်ခိုက်ခဲ့တဲ့ IS စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုအတွင်း သေနတ် ထိမှန်ခံခဲ့ရသူ ဖြစ်တယ်လို့ ဂျကာတာ ရဲတပ်ဖွဲ့ ပြောခွင့်ရသူ Mohammad Iqbal က အတည်ပြု ပြောဆိုပါတယ်။

တိုက်ခိုက်မှုလုပ်ခဲ့တဲ့ ISစစ်သွေးကြွအဖွဲ့ဝင် ၅ ယောက်စလုံး လည်းသေဆုံးခဲ့ပါတယ်။ အဲဒီ ၅ ယောက်ထဲက ၁ ယောက်ဟာ အမေရိကန်သမ္မတ အိုဘားမား အင်ဒိုနီးရှားနိုင်ငံကို အလည်အပတ်ခရီးလာတုန်းက ဖောက်ခွဲရေးပစ္စည်းတွေ လက်ဝယ်တေ့ွရှိမှုနဲ့ အဖမ်းခံခဲ့ရဖူးသူလည်းဖြစ်ပါတယ်။

ဂျကာတာ ဗုံးခွဲ တိုက်ခိုက်မှုနဲ့ ဆက်နွယ်တဲ့ လူ ၁၂ ယောက်ကို စနေနေ့ကလုပ်တဲ့ တနိုင်ငံလုံး ရှာဖွေစစ်ဆေးမှု တွေအတွင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ အမျိုးသား ရဲတပ်ဖွဲ့ ရဲချုပ် Badrodin Haiti က ပြောဆိုပါတယ်။

ဒီအကြမ်းဖက်အုပ်စုဟာ တိုက်ခိုက်မှုအတွက် တာဝန်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုတဲ့ IS အဖွဲ့ရဲ့ အတိအကျ ထုတ်ဖော်လို့ မရသေးတဲ့ ထောက်ပံ့ရေး ရင်းမြစ်တခုကနေ ငွေကြေးအထောက်အပံ့ ရနေတယ်လို့ ရဲချုပ်က ပြောဆိုပါတယ်။ ကမ္ဘာပေါ်မှာ မူစလင်လူဦးရေ အများဆုံးနိုင်ငံထဲမှာ တခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၀၉ ခုနှစ်တုန်းက လူ ၇ ယောက် အသက်ဆုံးခဲ့တဲ့ ဟော်တယ်နှစ်လုံးကို ဆက်တိုက်လို ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ တဲ့ဖြစ်ရပ်ပြီးရင် ဒီတိုက်ခိုက်မှုက အဆိုးဆုံးဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုအပြီး ဒေသထဲက တခြားနိုင်ငံတွေလည်း လုံခြုံရေးတိုးမြှင့်မှုတွေ လုပ်ခဲ့ကြပါတယ်။ အိမ်နီးချင်း မလေးရှားနိုင်ငံမှာ အသေခံအကြမ်းဖက်တိုက်ခိုက်မှုလုပ်မယ်လို့ ဝန်ခံခဲ့တဲ့ IS အဖွဲ့ဝင်အဖြစ် သံသယရှိသူ တယောက်ကို စနေနေ့က ဖမ်းဆီးခဲ့ပါတယ်။

သူ့ကို ကွာလာလမ်ပူမြို့တော်က ရထားဘူတာရုံတခုမှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ သံသယဖြစ်ခံရသူဟာ IS အဖွဲ့အလံတွေနဲ့အတူ လက်နက်တွေ လက်ဝယ်ရှိနေတယ်ဆိုတဲ့ အချက်ကလွဲလို့ တိုက်ခိုက်ရေးအစီအစဉ် အတွက် တခြားအသေးစိတ်အချက်တွေကိုတော့ တာဝန်ရှိသူတွေက ခုထက်ထိ ထုတ်ဖော်ပြောဆိုမှု မရှိသေးပါဘူး။

XS
SM
MD
LG