သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျကာတာမှာ သိန်းနဲ့ချီ ဆန္ဒပြ


အင်ဒိုနီးရှားနိုင်ငံက ခရစ်ယာန် ဂျကာတာအုပ်ချုပ်ရေးမှူး ပြုတ်ကျသွားတဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်နဲ့ လူပေါင်း တသိန်းလောက် တနင်္ဂနွေနေ့က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ လာမယ့်နှစ်မှာ ကျင်းပဖို့ရှိတဲ့ သမ္မတ ရွေးကောက်ပွဲမတိုင်ခင် သမ္မတ ကိုယ်စားလှယ် လောင်းတွေက လူထု ထောက်ခံမှုရနိုင်ဖို့ ကြိုးစားနေကြတဲ့အချိန်မှာဘဲ အခုလို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ဂျကာတာ အုပ်ချုပ်ရေးမှူး Basuki Tjahaja Purnam ဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့သလို ၂၀၁၆ ခုနှစ်က လူထု ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ဘာသာတရားကို စော်ကားမှုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ် အပြစ်ပေးခံခဲ့ရပါတယ်။ သူ့ကို အဲဒီလို တရားစွဲ၊ ထောင်ချလိုက်တဲ့ လုပ်ရပ်ဟာ မွတ်ဆလင်ဘာသာဝင် အများစုနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဘာသာတရားနဲ့ပတ်သက်လို့ သည်းခံ ခွင့်လွတ်မှု လျော့နည်းလာတဲ့ လက္ခဏာအဖြစ် ရှုမြင်ကြပါတယ်။

ကမ္ဘာမှာ မွတ်ဆလင်ဘာသာဝင် အများဆုံးနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဘာသာခြားတွေအပေါ် တိုက်ခိုက်မှုတွေ တိုးမြင့် ဖြစ်ပေါ်လာနေတာကြောင့် ဘာသာတရား မတူညီသူတွေ အတူယှဉ်တွဲ နေထိုင်တယ်ဆိုတဲ့ ဂုဏ်သိက္ခာလည်း တဖြည်းဖြည်း ကျဆင်းလာနေတာပါ။

အင်ဒိုနီးရှားနိုင်ငံမှာ လာမယ့်နှစ် ဧပြီလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲတွေမှာ စီးပွားရေးကိစ္စနဲ့အတူ နိုင်ငံရေးအရ ဘယ်ဘက်မှာ ရပ်တည်တယ်ဆိုတာနဲ့ ဘာသာခြားတွေအပေါ် သည်းခံမှု လျော့နည်းလာနေတဲ့ကိစ္စတွေဟာ ထိပ်တန်းက ပါဝင်နိုင်တယ်လို့ လေ့လာသူတွေ သုံးသပ် ပြောဆိုနေကြပါတယ်။

တနင်္ဂနွေနေ့ကတော့ အင်အား တသိန်းလောက်ရှိတဲ့ ဆန္ဒပြသူတွေဟာ အဖြူရောင် ဝတ်စုံတွေကို ဝတ်ဆင်ပြီး အစ္စလာမ်မစ် အလံတွေကို ကိုင်ဆောင်ထားကြပြီး ဗိုလ်ချုပ်ကြီးဟောင်း တဦးလည်ဖြစ်၊ သမ္မတကိုယ်စားလှယ်လောင်းလည်းဖြစ်တဲ့ Prabowo Subianto မိန့်ခွန်း ပြောကြားတဲ့ အမျိုးသားပန်းခြံမှာ စုဝေးခဲ့ကြပါတယ်။

လက်ရှိသမ္မတ Joko Widodo နဲ့ ယှဉ်ပြိုင်မယ့် သမ္မတလောင်း Prabowo Subianto ဟာ သူ့ရဲ့ ဒုသမ္မတလောင်းအဖြစ် ရှေးရိုးစွဲဝါဒီ ဘာသာရေးခေါင်းဆောင်ကို ရွေးချယ်ထားတာကြောင့် သူဟာ အစ္စလာမ်ဘာသာရေးကို အခြေခံမယ့် ကိုယ်စားလှယ်လောင်းအဖြစ် သုတေသီတွေက ရှုမြင်နေကြပါတယ်။

တနင်္ဂနွေနေ့က ချီတက် ဆန္ဒပြပွဲဟာ ရွေးကောက်ပွဲမှာ သူအနိုင်ရရေးအတွက် Prabowo Subianto က ရည်ရွယ်ပြုလုပ်တဲ့ပွဲ ဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။

ဂျကာတာမှာ သိန်းနဲ့ချီ ဆန္ဒပြ
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG